News

POST TYPE

NEWS

မိုးသည်းထန်မှုကြောင့် မကွေးတိုင်းတွင် နှမ်းစိုက်ဧက ရှစ်ထောင်ကျော်ပျက်စီး
14-Aug-2019

မကွေး၊ သြဂုတ် ၁၄

မိုးသည်းထန်မှုကြောင့် မကွေးတိုင်းအတွင်းမြို့နယ်အချို့တွင် နှမ်းစိုက်ဧက ၁၅,၀၀၀ ကျော် ရေမြုပ်ခဲ့သည့်အနက် ဧက ၈၀၀၀ ကျော်လုံးဝပျက်စီးခဲ့ကြောင်း သြဂုတ် ၈ ရက်အထိ စစ်တမ်းကောက်ယူမှုများအရ မကွေးတိုင်းစိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။

“ထိခိုက်တာ၊ ပျက်စီးတာ ဘယ်လောက်ရှိလဲဆိုပြီး မှတ်တမ်းမှတ်ရာ ကောက်ယူနေပါတယ်။ အစားထိုးသီးနှံ ပြန်လည်စိုက်ဖို့အတွက် နိုင်ငံတော်ရဲ့ အထောက်အပံ့နဲ့ ကူညီပေးဖို့ အစီအမံတွေ လုပ်နေပါတယ်”ဟု မကွေးတိုင်း စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ပြောကြားသည်။ 

မကွေးတိုင်းအတွင်း နှမ်းခင်းများထိခိုက် ပျက်စီးမှု အများဆုံးမှာ တောင်တွင်းကြီးမြို့နယ်နှင့် ဆင်ပေါင်ဝဲမြို့နယ်တို့မှာ အများဆုံး ဖြစ်သော်လည်း မကွေး၊ မင်းလှ၊ ရေနံချောင်းနှင့် အခြားမြို့နယ်များလည်း ပါဝင်သည်။

မင်းလှမြို့နယ်၊ မဲဇလီကျေးရွာမှ တောင်သူဦးဝင်းသိန်းက “ယာခင်းတွေထဲ ရေတက်ပြီး အကုန် တွန်းလှဲသွားတာ။ ကျွန်တော်တိုရွာမှာတော့ (၂၉) ဧက လုံးဝပျက်စီးသွားတယ်။ မြေစာရင်းဌာနနဲ့ စိုက်ပျိုးရေးဌာနကို စာရင်းတင်ဖို့ လုပ်နေပါတယ်”ဟု ဆိုသည်။

ထိုသို့ နှမ်းခင်းများ ထိခိုက်၊ ပျက်စီးမှုကို တိုင်းစိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက မှတ်တမ်းများ လိုက်လံယူလျှက်ရှိပြီး၊ တောင်သူများအတွက် အစားထိုးသီးနှံ စိုက်ပျိုးရန်နှင့် ငွေကြေးပမာဏများကို တိုင်းအစိုးရအဖွဲ့၏ အစီအစဉ်များဖြင့် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

R-23