News

POST TYPE

NEWS

စားနပ်ရိက္ခာထောက်ပံ့ကြေး ရရှိနေသော တရားဝင် ရွှေ့ပြောင်းနေထိုင်သူများကို ထရမ့် ပစ်မှတ်ထား
14-Aug-2019



ဝါရှင်တန်၊ ဩဂုတ် ၁၃

အမေရိကန်သမ္မတထရမ့် အစိုးရသည် နွမ်းပါးသော တရားဝင်ရွှေ့ပြောင်းနေထိုင်သူများအား ဗီဇာသက်တမ်းတိုးမှုနှင့် အမြဲတမ်းနေထိုင်ခွင့်ရှိသူ အဆင့်အတန်း (ဂရင်းကတ်) ရရှိမှု ပိုမိုခက်ခဲလာအောင် ပြုလုပ်နေကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

အစိုးရ၏စည်းမျဉ်းသည် စားနပ်ရိက္ခာထောက်ပံ့ကြေးနှင့် အများပိုင်အိမ်ရာကဲ့သို့သော အကျိုးခံစားခွင့်များကို တစ်နှစ်ထက်မက မှီခိုနေသော ရွှေ့ပြောင်းနေထိုင်သူများကို ပစ်မှတ်ထားခြင်းဖြစ်သည်။

၎င်းတို့သည် အစိုးရ အထောက်အပံ့များကို ဆက်လက် မှီခိုနိုင်ခြေရှိသည်ဟု အစိုးရကယူဆပါက ထိုသူများ၏ လျှောက်လွှာများကို ပယ်ချမည်ဖြစ်သည်။

ထိုသို့စည်းမျဉ်းပြင်ဆင်မှုသည် ကိုယ့်အားကိုယ်ကိုး ဖူလုံရေး အယူအဆကို အားသစ်လောင်းခြင်းဖြစ်သည်ဟု တာဝန်ရှိသူများက ဆိုသည်။

ပြည်သူ့ယုံကြည်အပ်နှံမှု စည်းမျဉ်းဟုခေါ်သော စည်းကမ်းသစ်ကို ဖက်ဒရယ် ပြန်တမ်းတွင် တနင်္လာနေ့က ထုတ်ပြန်ထားပြီး အောက်တိုဘာ ၁၅ ရက်တွင် စတင်ကျင့်သုံးမည်ဖြစ်သည်။

စည်းမျဉ်းသစ်သည် အမြဲတမ်းနေထိုင်ခွင့် ရရှိပြီးသူများ၊ ဒုက္ခသည်များနှင့် ခိုလှုံနေထိုင်ခွင့် လျှောက်ထားသူများအပေါ် သက်ရောက်မှုမရှိဘဲ ဗီဇာသက်တမ်းတိုးသူများ၊ ဂရင်းကတ် သို့မဟုတ် နိုင်ငံသား လျှောက်ထားသူများအပေါ်တွင် သက်ရောက်မှုရှိမည်ဖြစ်သည်။

ဝင်ငွေသတ်မှတ်ချက် မပြည့်မီသူများ၊ ကျန်းမာရေး သို့မဟုတ် အိမ်ရာ သို့မဟုတ် စားနပ်ရိက္ခာ အထောက်အပံ့ကို ဆက်လက်မှီခိုနိုင်ခြေရှိသူများမှာမူ ပြည်ဝင်ခွင့် ပိတ်ပင်ခံရဖွယ်ရှိသည်ဟု သိရှိရသည်။ အမေရိကသို့ ရောက်နှင့်ပြီးသားသူများမှာလည်း လျှောက်လွှာများ ပယ်ချခံရဖွယ်ရှိသည်ဟု ဆိုသည်။

အမေရိကန်ပြည်ထောင်စုတွင် နိုင်ငံသားအဆင့်အတန်း မရသေးပဲ တရားဝင်နေထိုင်နေသူ ခန့်မှန်းခြေ ၂၂ သန်းခန့်ရှိရာ ၎င်းတို့အနက်မှ အများစုမှာ ဂယက်ရိုက်ခံ ရဖွယ်ရှိနေသည်။

ဝင်ငွေနည်းသော ရွှေ့ပြောင်းသူများကို အစိုးရက မမျှမတ ပစ်မှတ်ထားသည်ဟု လူမှုရပိုင်ခွင့်ဆိုင်ရာ အုပ်စုများက စွပ်စွဲကြသည်။

လူဝင်မှုဥပဒေဆိုင်ရာ စင်တာကလည်း စည်းမျဉ်းသစ်ကို မကျင့်သုံးအောင် အစိုးရအားစည်းရုံးမည်ဟု ပြောဆိုခဲ့သည်။ သမ္မတထရမ့်သည် ယခင်က တရားမဝင် ရွှေ့ပြောင်းအခြေချမှုများ၏ အန္တရာယ်ကို အလေးထား သတိပေးခဲ့သော်လည်း ယခုအခါ အမေရိကသို့ တရားဝင်နှင့် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ နှစ်မျိုးစလုံးကို လျှော့ချသွားရန် ရည်မှန်းထားကြောင်း ပိုမိုပေါ်လွင်လာနေသည်။

စည်းမျဉ်းသစ်အတွက် ဆွေးနွေးညှိနှိုင်းမှုများအတွင်း သမ္မတထရမ့်က ယိုယွင်းပျက်စီးနေသော တိုင်းပြည်များထက် နော်ဝေကဲ့သို့နေရာများမှ ရွှေ့ပြောင်းလာမည့်သူများကို သဘောကျကြောင်း အကြိမ်ကြိမ် မှတ်ချက်ပေးခဲ့သည်။

စည်းမျဉ်းသစ်ကို ကြေညာပြီးနောက် အိမ်ဖြူတော်က သတင်းထုတ်ပြန်ရာတွင် “အမေရိကန်နိုင်ငံသားများ၏ အကျိုးစီးပွားကို အကာအကွယ်ပေးရန်အတွက် ရွှေ့ပြောင်းနေထိုင်သူများသည် ငွေကြေးဆိုင်ရာတွင် ကိုယ့်အားကိုယ်ကိုး ဖူလုံသူများဖြစ်ရမည်”ဟု ဖော်ပြထားသည်။

ရွှေ့ပြောင်းနေထိုင်သူများ၏ သုံးပုံနှစ်ပုံသည် ကိုယ်ပိုင်အရည်အချင်းနှင့် ကျွမ်းကျင်မှုအပေါ် အားကိုးခြင်းမဟုတ်ဘဲ ရောက်ရှိနှင့်ပြီးသား မိသားစုဝင်အပေါ် အားကိုးကာ လာရောက်ကြခြင်းဖြစ်ကြောင်းနှင့် အလယ်တန်းပညာအဆင့်သာ တတ်ပြီး နိုင်ငံသားအဆင့်မရသေးသူ အိမ်ထောင်ဦးစီးက ဦးဆောင်သည့် ရွှေ့ပြောင်းအိမ်ထောင်စုများ၏ လေးပုံသုံးပုံခန့်သည် အနည်းဆုံး လူမှုဖူလုံရေး အစီအစဉ်တစ်ခုကို မှီခိုနေကြကြောင်း အိမ်ဖြူတော်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

F-04