News

POST TYPE

NEWS

ကရင်ရိုးရာချည်ဖြူဖွဲ့အခမ်းအနား ပုသိမ်တွင်ကျင်းပ
13-Aug-2019


ပုသိမ်၊ ဩဂုတ် ၁၃ 

ကရင်ရိုးရာချည်ဖြူဖွဲ့ အခမ်းအနားကို ဧရာဝတီတိုင်းအစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားရေးရာဌာနက ဦးဆောင်၍ ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ဩဂုတ် ၁၃ ရက်က ဒုတိယအကြိမ်မြောက်ကျင်းပခဲ့ကြောင်း ယင်းအခမ်းအနားကျင်းပရေး ကော်မတီထံမှ သိရသည်။

နတ်ကိုးကွယ်ယုံကြည်မှုဆိုင်ရာမဟုတ်ဘဲ အနာကင်းပြီး ကျန်းမာအသက်ရှည်အောင်မြင်စေကြောင်း ဆုတောင်းသည့် ကရင်ရိုးရာယဉ်ကျေးမှုဓလေ့ဖြစ်ကြောင်း ဧရာဝတီတိုင်းအစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူက ပြောကြားသည်။

“ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားကို ဝါခေါင်လမှာ ကျင်းပလေ့ရှိတယ်။ အနာရောဂါဖြစ်ပွားတတ်တဲ့ရာသီ အချိန်အခါဖြစ်တော့ မဖြစ်ပွားစေဖို့၊ အလုပ်အကိုင်၊ နေထိုင်မှုအတွက် အနှောင့်အယှက်၊ အဖျက်အဆီးမဖြစ်စေဖို့ ကျင်းပပြုလုပ်တဲ့ဓလေ့ဖြစ်တယ်”ဟု ၎င်းကရှင်းပြသည်။

အဆိုပါပွဲကျင်းပရာတွင် ကောက်ညှင်းထုပ်၊ ထမင်းဆုပ်၊ ရေ (အုန်းရည်)၊ ပန်းခတ် (နတ်ပန်းညို)၊ ကြံဆစ်ပိုင်း၊ ငှက်ပျောသီး၊ ချည်ဖြူစသည့် ပစ္စည်း ၇ မျိုးဖြင့် စီမံပြုလုပ်ရပြီး နေ့တစ်နေ့၏ မွန်းတည့်ချိန်ကို ကျော်လွန်မကျင်းပရကြောင်း ဧရာဝတီတိုင်း ကရင်တိုင်းရင်းသားများအရေးဆိုင်ရာ ကော်မတီအတွင်းရေးမှူး ဦးကျော်ဆန်းက ရှင်းပြသည်။

“ပါဝင်ရမယ့်ပစ္စည်း ၇ မျိုးပြည့်စုံမှ ပြီးမြောက်တယ်။ ဒီပစ္စည်း ၇ မျိုးပါဝင်ရတဲ့အကြောင်းက စုစည်းသွေးစည်းခြင်း၊ အမြဲဒွန်တွဲနေထိုင်ခြင်း၊ မျိုးနွယ်မတိမ်ကောခြင်း၊ မည်သည့်နေရာတွင်မဆို ရှင်သန်နိုင်၊ ကြီးထွားနိုင်ခြင်း၊ ချိုသာယဉ်ကျေးသိမ်မွေ့ခြင်းတို့ကို ဖော်ဆောင်တာဖြစ်တယ်၊ မိစုံဖစုံရှေ့မှောက်မှာ လက်ထပ်ထိမ်းမြားပြီးသူ နေ့နံ ၇ ရက်အတွက် မင်္ဂလာမောင်နှံ ၁၄ ဦးက ရိုးရာချည်ဖြူဖွဲ့ (လက်ချည်ဖွဲ့) မင်္ဂလာပြုလုပ်ပေးရတယ်။ လက်ချည်ခံတဲ့နေရာမှာတော့ လူမျိုး ဘာသာမရွေး ပါဝင်လို့ရတယ်”ဟု အိမ်မဲမြို့နယ် ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဥက္ကဋ္ဌ၊ ချည်ဖြူဖွဲ့မင်္ဂလာကြီးကြပ်သူ မန်းညှက်ပိန်က ပြောကြားသည်။

ဧရာဝတီတိုင်းတွင် ၂၀၁၄ သန်း ခေါင်စာရင်းအရ ကရင်တိုင်းရင်းသား ၁၃ သိန်းနီးပါးရှိကြောင်း၊ အခမ်းအနားသို့ တိုင်းဝန်ကြီးချုပ် ဦးလှမိုးအောင် အပါအဝင် အစိုးရအဖွဲ့နှင့် အမတ်များ၊ မြို့နယ် အသီးသီးမှ ကရင်တိုင်းရင်းသား ကိုယ်စားလှယ်များ၊ ပုသိမ်တက္ကသိုလ်မှ ကရင်တိုင်းရင်းသားကျောင်းသားများ တက်ရောက်ခဲ့ကြောင်း ယင်းကော်မတီထံမှ သိရသည်။

R-12