News

POST TYPE

NEWS

ဗဟိုလမ်းတွင် လုယက်မှုကျူးလွန်ပြီး ထွက်ပြေးသူ ရေနစ်သေဆုံး
13-Aug-2019

ရန်ကုန်၊ သြဂုတ် ၁၃

လှိုင်မြို့နယ်ရှိ ဗဟိုလမ်းတွင် အငှားယာဉ်မောင်းကို ဓားဖြင့်ထောက်၍ လုယက်မှုကျူးလွန်ခဲ့သူ နှစ်ဦးမှ အမျိုးသားတစ်ဦးမှာ ထွက်ပြေး တိမ်းရှောင်စဉ် ရေမြောင်းထဲ ပြုတ်ကျပြီး ရေနစ်သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ရေနစ်သေဆုံးသူ မျိုးလှိုင်ဝင်း (၂၀) နှစ်မှာ သီရိမင်္ဂလာဈေးသစ်ရှိ မျှစ်ဒိုင်တွင် ကုန်ထမ်းနေသူဖြစ်ပြီး သြဂုတ် ၁၂ ရက် နံနက် ၂ နာရီခွဲက ၎င်းနှင့်အတူ အလုပ်လုပ်ကိုင်သော ကိုကိုလွင် (၂၂)နှစ်နှင့်အတူ သီရိမင်္ဂလာဈေးသစ် ရှေ့မှ အငှားယာဉ်တစ်စီးကို ကျပ်နှစ်ထောင်ဖြင့် ငှား၍ ဘုရင့်နောင်ကားဝင်းသို့ ပို့ဆောင်ခိုင်းခဲ့သည်။

အငှားယာဉ်မှာ ဘုရင့်နောင်မီးပွိုင့်သို့ ရောက်ရှိစဉ် ၎င်းတို့နှစ်ဦးက မရမ်းကုန်းမြို့နယ်အတွင်းရှိ BPI ဆေးဝါး စက်ရုံသို့ ပို့ပေးရန် ပြောသဖြင့် ယာဉ်မောင်းက ယာဉ်အား ဆက်လက်မောင်းနှင်လာခဲ့ရာ လမ်းခုလတ် အရောက်တွင် မျိုးလှိုင်ဝင်းနှင့် ကိုကိုလွင်က ယာဉ်မောင်း အမျိုးသားကို ဓားဖြင့်ထောက်၍ “ကားမရပ်နဲ့ ရပ်ရင် သတ်ပစ်မယ်”ဟု ခြိမ်းခြောက်ပြောဆိုပြီး ဗဟိုလမ်းမှ အင်းစိန်ဘိုကုန်းလမ်းဘက်သို့ မောင်းနှင်ခိုင်းခဲ့သည်။

ယင်းနောက် အင်းစိန်ဘက်သို့ ဆက်လက်မောင်းနှင်လာစဉ် အခြားအငှားယာဉ်တစ်စီးပေါ်မှ ယာဉ်မောင်းက အငှားယာဉ်မောင်း အမျိုးသား၏ လည်ပင်းကို ခရီးသည်နှစ်ဦးက ဓားဖြင့်ထောက်ထားသည်ကို မြင်တွေ့သွားသဖြင့် ယာဉ်အား ရပ်ရန် ပြောဆိုခဲ့သော်လည်း ယာဉ်မောင်းမှာ ယာဉ်မရပ်ရဲသဖြင့် ဆက်လက် မောင်းနှင်ခဲ့ရသည်။

အင်းစိန်မှ လှည်းတန်းဘက်သို့ ယာဉ်ကိုမောင်းနှင်ခိုင်းခဲ့ပြီး လှည်းတန်းလမ်းမှ ကြည့်မြင်တိုင်ငါးဈေး၊ ငါးဈေးမှ ညဈေး၊ ညဈေးမှ ကမ်းနားလမ်းအတိုင်း လှိုင်မြို့နယ် ကမာရွတ်ဘူတာရုံလမ်းသို့ ယာဉ်မောင်းနှင်ခိုင်း၍ ဗဟိုလမ်းထိပ်အရောက်တွင် ယာဉ်ကို ရပ်ခိုင်းသဖြင့် အရှိန်လျော့လိုက်စဉ် ယာဉ်ရှေ့ခန်းတွင် ထိုင်နေသူ ကိုကိုလွင်က ယာဉ်ပေါ်မှ ဆင်းပြေးသွားခဲ့ပြီး ယာဉ်နောက်ခန်းတွင် လိုက်ပါသူ မျိုးလှိုင်ဝင်းက လမ်းဘေးရှိ အကျယ် ၄ ပေ၊ အနက် ၆ ပေရှိသော ရေမြောင်းထဲ ခုန်ချဆင်းပြေးခဲ့သည်။

၎င်းတို့နှစ်ဦး ယာဉ်ပေါ်မှ ဆင်းပြေးသွားချိန် ရဲတပ်ဖွဲ့ဝင်များက ရောက်ရှိလာပြီး ထွက်ပြေးသွားသူ နှစ်ဦးကို လိုက်လံရှာဖွေရာ နာရီဝက်ခန့်အကြာတွင် ရေအနက် လေးပေခန့်ရှိသော ရေမြောင်းထဲတွင် ရေနစ်သေဆုံးနေသည့် မျိုးလှိုင်ဝင်း၏ ရုပ်အလောင်းကို ရှာတွေ့ခဲ့သည်။

ရေနစ်သေဆုံးသူ မျိုးလှိုင်ဝင်း၏ အစ်ကိုဖြစ်သူနှင့် အဆက်အသွယ်ရရှိပြီးနောက် စစ်ဆေးမေးမြန်းရာ ထွက်ပြေးတိမ်းရှောင်နေသူမှာ ကိုကိုလွင်ဖြစ်ကြောင်း သိရှိရပြီးနောက် အခင်းဖြစ်နေ့ မွန်းလွဲပိုင်းတွင် သီရိမင်္ဂလာဈေးသစ်ရှိ မျှစ်ဒိုင်တွင် အလုပ်လုပ်ကိုင်နေသော ကိုကိုလွင်ကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03