News

POST TYPE

NEWS

စတော့ရှယ်ယာမှသည် . . . အောင်မြင်ခြင်း လမ်းမဆီသို့ . . .

ဥရောပတိုက် နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မြို့တွင် လွန်ခဲ့သော ၁၆ ရာစု အလွန်ကာလက စတင် ပေါ်ပေါက်ခဲ့သော စတော့ဆိုသည့် စကားစုသည် မိုင် ထောင်ချီခရီးကို ဖြတ်သန်းခဲ့ပြီးနောက် ၂၁ ရာစုတွင် မြန်မာနိုင်ငံသို့ ပြောင်းရွှေ့ နေထိုင်ရန် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

စီးပွားရေးမြို့တော် ရန်ကုန်တွင် လက်ဖက်ရည်ဆိုင် ဖွင့်လှစ်ထားသူ ဒေါ်ချယ်ရီတစ်ယောက် “စတော့ ရှယ်ယာဈေးကွက်”  စတင် ကြားလိုက်ချိန်တွင် နားထဲတွင်တော့ အထူးအဆန်းလို ဖြစ်သွားပြီး- “မသိဖူး။ မကြားဖူး”ဟု ပြန်လည် တုံ့ပြန်လိုက်သည်။

လူဦးရေ ၅၁ သန်းကျော်ရှိသော မြန်မာနိုင်ငံတွင် စတော့ရှယ်ယာ ဆိုသည့်စကားလုံးမှာ ပို့ကုန် သွင်းကုန် လုပ်ငန်းရှင်များ၊ ဘဏ်လုပ်ငန်းရှင်များ၊ ငွေကြေး အလဲအလှယ် လုပ်သူများ၊ စိတ်ပါဝင်စားသူ အချို့၏ ပါးစပ်ဖျားတွင်သာ ရေပန်းစားလျက် ရှိပြီး ယင်းလူတစ်စုမှာ နိုင်ငံလူဦးရေ၏ ၁ ရာခိုင်နှုန်းပင် ကျော်လွန်ဦးမည် မဟုတ်ပေ။

“စတော့အကြောင်းက ကိုယ်နဲ့လည်း မဆိုင်သလို သိလည်း မသိချင်ပါဘူး”ဟု ၎င်းက မျက်နှာကို တစ်ဖက်သို့ လွှဲ၍ သူစိတ်မဝင်စားကြောင်းကို ပြောဆိုသည်။

မြန်မာနိုင်ငံ၏ ပထမဆုံး စတော့အိတ်ချိန်းကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့တွင် စတင်၍ ဖွင့်လှစ်ခဲ့ပြီး သက်တမ်းအားဖြင့် ရှစ်လသာ ရှိသေးရာ စတော့အိတ်ချိန်းဝင် ကုမ္ပဏီများ၊ Securities ကုမ္ပဏီများနှင့် စီးပွားရေး ပညာရှင်များက စတော့ ဈေးကွက်နှင့် ပတ်သက်၍ ပညာပေး လုပ်ငန်းစဉ်များကို ရန်ကုန်မြို့တွင်သာမက နယ်မြို့ကြီးများတွင်ပင် အင်တိုက်အားတိုက် လုပ်ဆောင်နေကြသည်။ သို့သော်ငြားလည်း ဒေါ်ချယ်ရီကဲ့သို့ လူမျိုးတို့သည် စတော့အကြောင်းကို မသိသူနှင့် မသိလိုသူ များစွာ ရှိနေလေသည်။ 

“ပညာက လိုချင်မှ ရတယ်။ မလိုချင်ရင် သင်ပေးနေလည်း အလကားပဲ”ဟု စတော့ဈေးကွက်အကြောင်း သိလိုသူ နည်းပါးနေမှုကို စတော့ဈေးကွက်ဆိုင်ရာ အသိပညာပေး ဟောပြောမှုများ ပြုလုပ်ပေးနေသူ စီးပွားရေး ပညာရှင် ဦးခင်မောင်ညို (ဘောဂဗေဒ) က အားမရစွာ ဆိုသည်။

ထိုသို့ဆိုသော် ပညာလိုသူနှင့် မလိုသူတို့ကြား၌ စတော့ရှယ်ယာဈေးကွက် အသိပညာ ရေချိန်သည် မည်သည့် အချိန်ထိ ကြန့်ကြာနေမည်လဲ မသိနိုင်ပေ။

မြန်မာ့စတော့ ရှယ်ယာဈေးကွက်သည် လသား အရွယ်သာ ရှိသေးသည့်အတွက် အောင်မြင်ခြင်း၊ ကျဆုံးခြင်းများကို သုံးသပ်ရန် အလွန် စောနေသေးပြီး အသိပညာပေးမှု များစွာ ပြုလုပ်ရဦးမည်ဖြစ်ကြောင်း စီးပွားရေး ပညာရှင်တို့က သုံးသပ် ပြောကြားသည်။

စတော့ ကစားသူ နည်းပါးနေခြင်းကို လျှော့ချနိုင်ရန် စတော့ဈေးကွက်ကို လူသိ များလာစေရန်အတွက် စတော့ ပညာပေးပွဲနှင့် သင်တန်းများကို ရန်ကုန်စတော့ အိတ်ချိန်း၌ ဆက်တိုက် ပြုလုပ်နေသည်ဟု ရန်ကုန် စတော့အိတ်ချိန်း၏ အကြီးတန်း အမှုဆောင် မန်နေဂျာ ဦးသက်ထွန်းဦးက ပြောကြားသည်။ 

စတော့အိတ်ချိန်းဝင် Securities Exchange ကုမ္ပဏီ တစ်ခုဖြစ်သည့် KBZ SC အနေနှင့်လည်း ခြောက်လအတွင်း မြန်မာနိုင်ငံ မြို့ကြီးများတွင် ၁၂ ကြိမ်အထိ စတော့ ပညာပေးပွဲများ ပြုလုပ်ထားကြောင်း ယင်းကုမ္ပဏီ စီးပွားရေး ဖွံ့ဖြိုးရေးဌာန အကြီးအကဲ (Head of Business Development) ဦးစိုင်းနန္ဒဦးက ဆိုသည်။

ပထမဆုံး စတော့အိတ်ချိန်း၏ စတော့ရှယ်ယာများကို FMI (First Myanmar Investment Group) က ၂၀၁၆ ခုနှစ် မတ်လ ၂၅ ရက်နေ့က စတင် ရောင်းချပေးခဲ့ပြီး Myanmar Thilawa SEZ Holding ကုမ္ပဏီက မေလ ၂၀ ရက်နှင့် မြန်မာ နိုင်ငံသားများ ဘဏ်က ဩဂုတ်လ ၂၆ ရက်က စတော့ ရှယ်ယာများ စတင် ရောင်းချပေးခဲ့သည်။

စာရင်းဝင် ကုမ္ပဏီများသည် ရှယ်ယာဟောင်းများကိုသာ ထုတ်ရောင်း၍ အဟောင်းများဖြင့်သာ ကစားနေကြရပြီး အသစ်ကိုတော့ မည်သည့်ကုမ္ပဏီမျှ ထုတ်ရောင်းပေးနိုင်ခြင်း မရှိပေ။

လက်ရှိ ရန်ကုန် စတော့အိတ်ချိန်းသို့ ဝင်ရောက်ရန် အဆိုပြုထားသည့် ကုမ္ပဏီသည် ခြောက်ခု ရှိသော်လည်း လက်ရှိ စာရင်းဝင် ကုမ္ပဏီသည် သုံးခုသာရှိပြီး စာရင်းဝင် ကုမ္ပဏီအဖြစ် First Private Bank က ထပ်မံ ဝင်ရောက် ရောင်းချရန် လုပ်ဆောင်လျက်ရှိကြောင်း ရန်ကုန် စတော့အိတ်ချိန်းထံမှ သိရသည်။

လက်ရှိ စာရင်းဝင် ကုမ္ပဏီများ၏ ရှယ်ယာဈေးနှုန်းများ အားလုံးသည် စတင် ဖွင့်လှစ်ခဲ့သည့် ဈေးနှုန်းများထက် လျော့ကျလျက်ရှိပြီး အရောင်းအဝယ်သည်လည်း လျော့သထက် လျော့ကျလာကာ လူတို့၏ စိတ်ဝင်စားမှုနှုန်းသည်လည်း လျော့သထက် လျော့လာနေသည်ဟု ယင်းဈေးကွက် လေ့လာ စောင့်ကြည့်သူများက ဆိုသည်။

ထိုသို့ စိတ်ဝင်စားမှု လျော့ကျနေခြင်းသည် သက်တမ်း နုနယ်ခြင်း၊ စာရင်းဝင် ကုမ္ပဏီ နည်းပါးခြင်း၊ ရှယ်ယာသစ် မရောင်းချနိုင်ခြင်းနှင့် ရှယ်ယာဟောင်း ပိုင်ဆိုင်ထားသူများက ထုတ်ရောင်းမှု နည်းပါးခြင်းတို့ကြောင့် ဖြစ်သည်ဟု ၎င်းတို့က မှတ်ချက်ပေးသည်။

“ကျွန်တော့်သားအတွက် ရည်ရွယ်ပြီးပဲ ဝယ်ထားတာ။ Dividend (အစုရှယ်ယာပေါ်မှအမြတ်) ပဲစားတော့မယ်။ အရောင်းအဝယ် ဝင်လုပ်ဖို့ အစီ အစဉ်မရှိသေးဘူး”ဟု ဆိုလိုက်သူက ၂၀၁၂ ခုနှစ်တည်းက FMI ရှယ်ယာ အစု ၂၀ ဝယ်ယူထားသူ ကိုအောင်အောင်ထွန်း ဖြစ်သည်။ 

သို့သော် လက်ရှိ စတော့ဈေးကွက်ကို စောင့်ကြည့်ဦးမည်ဖြစ်ပြီး ဈေးနှုန်း အလွန် မြင့်တက်လာပါက စတော့ ဝင်ရောက် ကစားရန် စဉ်းစားမည်ဖြစ်သည်ဟု ၎င်းကဆိုသည်။

လက်ရှိ စတော့အိတ်ချိန်း စာရင်းဝင် ကုမ္ပဏီများ၏ ရှယ်ယာရှင်ဟောင်း တော်တော်များများသည် ၎င်းကဲ့သို့ပင် Dividend စားမည့်သူသာ များပြားလျက်ရှိပြီး စတော့ဈေးကွက်ကြီး အရောင်းအဝယ် သွက်လက်၍ လူအများ စိတ်ဝင်စားလာမည် ဆိုပါက ရှယ်ယာ ဝင်ရောက်ကစားရန် ရည်ရွယ်ထားသည်ဟု ရှယ်ယာရှင်ဟောင်းများက ဆိုသည်။

သို့သော် ရှယ်ယာ အဟောင်းများဖြင့်သာ ဈေးကွက် လည်ပတ်နေသော လက်ရှိ စတော့ဈေးကွက်တွင် ရှယ်ယာရှင်ဟောင်းများမှ ရှယ်ယာ ထုတ်ရောင်းလိုခြင်း မရှိပါက ၎င်းတို့ မျှော်မှန်းသည့် ဈေးကွက် သွက်လက် လာရန်မှာမူ မျှော်မှန်းနိုင်ရန် ဝေးနေသေးပေသည်။

ထို့ကြောင့် စတော့ရှယ်ယာ ဈေးကွက် သွက်လက်လာရန်ဟု ဆိုရာတွင် ပြည်သူလူထု၏ ပါဝင်မှုနှင့် အစိုးရ  တာဝန်ရှိသူများဘက်ကလည်း အကူအညီ များစွာ ပေးအပ်ရန်လည်း လိုအပ်သည်ဟု စတော့ အိတ်ချိန်းဝင် ကုမ္ပဏီများက ဆိုသည်။

“ဥပမာ - နိုင်ငံပိုင် ကုမ္ပဏီကြီးတွေကို စတော့ အိတ်ချိန်းထဲ ထည့်ပေးတာမျိုးပေါ့”ဟု KBZ SC ၏ အုပ်ချုပ်မှု ဒါရိုက်တာ Mr. Rudi Rolles က ပြောဆိုလာသည်။

အစိုးရအနေနှင့် ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြဋ္ဌာန်းပေးခြင်းဖြင့် စတော့ ဈေးကွက်ကိုသာမက မြန်မာ့ စီးပွားရေး တိုးတက်စေရန် အကူအညီ ပေးထားသည်ဟု သမ္မတ စီးပွားရေး အကြံပေးဟောင်း ဦးဇော်ဖေဝင်းက မှတ်ချက်ပြုသည်။

မည်သို့ပင် အစိုးရ၏ အကူအညီများ ပေးနေစေ ကာမူ မသိလိုသူများကလည်း မသိလိုပေ။

ထိုသူများထဲ၌ လက်ဖက်သုပ်၊ ချင်းသုပ်များ ရောင်းချသည့် အသုပ်သည် ဒေါ်တင်တင်ကလည်း တစ်ဦးအပါအဝင်ဖြစ်လေသည်။

“ကြားတော့ ကြားဖူးတယ်။ မသိဘူး”ဟု ဒေါ်တင်တင်က အထူးအဆန်းသဖွယ် ဖြေသည်။

ထို့အပြင် ဒေါ်တင်တင်က ယခုလို ဆိုပြန်သည်။

“စတော့တို့ ဘာတို့က သိလည်း မသိချင်ပါဘူး ဟေ။ ကိုယ့်ဘာကိုယ် အေးဆေးနေတာပဲ ကောင်းပါတယ်။ ကိုယ့်ဘာကိုယ် တစ်ရက် နှစ်ထောင်နှုန်းနဲ့စုရင် တစ်လကို ခြောက်သောင်းရတယ်လေ”ဟု ဒေါ်တင်တင်က လက်ခြောက်ချောင်းထောင်ပြရင်း ပြောလိုက်လေသည်။ 

ကိုစိုင်းနန္ဒဦးတို့ကဲ့သို့ စတော့အိတ်ချိန်းဝင် ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ဦးသက်ထွန်းဦးတို့ကဲ့သို့ ရန်ကုန် စတော့အိတ်ချိန်းမှ တာဝန်ရှိသူများနှင့် စီးပွားရေးပညာရှင် ဦးခင်မောင်ညို (ဘောဂဗေဒ) တို့က စတော့နှင့် ပတ်သက်၍ ပညာပေးမှုများနှင့် စတော့အကြောင်း သိရှိစေရန် အားကြိုးမာန်တက် လုပ်ဆောင်နေသော်ငြား ဒေါ်ချယ်ရီနှင့် ဒေါ်တင်တင်တို့လို လူများအတွက် အလှမ်းဝေးဆဲပင် ဖြစ်သည်။

“ကျွန်တော်တို့မှာ အားသာချက်တွေ အများကြီး ရှိနေတယ်။ နောက်မှ လုပ်တာ ဖြစ်တဲ့အတွက် နည်းပညာပိုင်းက အစသာတယ်။ မအောင်မြင်နိုင်စရာ မရှိဘူး။ ဒါပေမဲ့ စတော့အိတ်ချိန်းဝင် ကုမ္ပဏီတွေကို ပြောချင်တာက ရှေ့ဆက်ပြီး တွန်းတွန်းတိုက်တိုက် လုပ်နေဖို့ လိုတယ်ဆိုပေမယ့် အရမ်း မလောဖို့တော့ လိုတယ်”ဟု  ဦးဇော်ဖေဝင်းက တိုက်တွန်း ပြောဆိုသည်။

စတော့လုပ်ငန်းတွင် အနှစ် ၂၀ ခန့်နှစ်မြှုပ်ထားသည့် ဦးသက်ထွန်းဦးကတော့ ယခုလိုဆိုသည်။

“ကျွန်တော်ကတော့ စတော့ဈေးကွက်အောင် မြင်မယ်လို့ ထင်တယ်။ တစ်နှစ်ကို ကုမ္ပဏီ ငါးခု စာရင်း ဝင်ဖြစ်မယ်ဆိုရင် အိုကေပြီ”ဟု လက်မ ထောင်၍ ကြွေးကြော်လိုက်သည်။

၎င်းတို့က မည်သို့ပင် ကြွေးကြော်၍ တိုက်တွန်းနေစေကာမူ . . .

ဒေါ်တင်တင်က အသုပ်ဆက်သုပ်၍ ဒေါ်ချယ်ရီကတော့ လက်ဖက်ရည် ဆက်ဖျော်နေလေသည်။

ဟိန်းမြတ်စိုး