News

POST TYPE

NEWS

ကျေးရွာနှစ်ရွာ နယ်နိမိတ်အငြင်းပွားပဋိက္ခကြောင့် လူ ငါးဦးသေဆုံး ၃၀ ဦးကျော်ပျောက်ဆုံး
24-Jul-2019
ချောက်၊ ဇူလိုင် ၂၄

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့တွင် ကျေးရွာ နယ်နမိတ်အငြင်းပွားမှုဖြစ်ကာ လေခွများဖြင့် အပြန်အလှန်ပစ်ခတ်ကြပြီး စက်လှေတိမ်းမှောက်သွားသည့်အတွက် လူငါးဦး သေဆုံးကာ လူ ၃၀ ကျော်ပျောက်ဆုံးနေကြောင်း ယင်းမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

ရေနံချောင်မြို့နယ် ဖရဲကျွန်းကျေးရွာမှ လူ၁၅၀ ခန့်သည် ဇူလိုင် ၂၃ ရက်နေ့ ညနေပိုင်းက ကန်သာယာကျေးရွာမှ နေအိမ်နှစ်လုံး ကျူးကျော်ဆောက်သည်ဟုဆိုကာ စက်လှေများဖြင့် သွားရောက်ဖျက်ဆီးစဉ် အပြန်အလှန် ခိုက်ရန်ဖြစ်ပွားပြီး ကမ်းကပ်မည့် စက်လှေများကို လေးခွများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် စက်လှေ တိမ်းမှောက်သွားခြင်းဖြစ်သည်။

စက်လှေတိမ်းမှောက်ခဲ့သည့် နေရာသို့ တိုင်း၊ ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ကြက်ခြေနီတပ်ဖွဲ့တို့က ဇူလိုင်လ ၂၃ ရက်နေ့မှစတင်ပြီး ကယ်ဆယ်လုပ်ငန်းများဆောင်ရွက်နေပြီး ယနေ့ ( ဇူလိုင်လ ၂၄ ရက်) နံနက်ပိုင်းတွင် အမျိုးသား ၃ ဦး အမျိုးသမီး ၂ စုစုပေါင်း လူဦး ၅ သေဆုံးပြီး အမျိုးသားတစ်ဦး အမျိုးသမီးတစ်ဦး အသက်ရှင်လျက်ပြန်လည်တွေ့ရှိပြီး ၃၂ ဦး ပျောက်ဆုံးနေသေးကြောင်း အထွေထွေအုပ်ချုပ်ရေးမှူး၏ စာရင်းများအရ သိရသည်။

ယင်းဖြစ်စဉ်ကြောင့် ဖရဲကျွန်းကျေးရွာနေ ကိုသန်းထွန်းပါ လူအုပ်စုအား ရေနံချောင်းမြို့မရဲစခန်း (ပ) ၃၂၆/ ၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ ၄၅၂/၄၄၇/၂၉၄/၄၂၇/၅၀၆/၁၁၄ အပြင် (ပ) ၃၂၇/၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ ၄၂၅/၄၂၇/၅၀၆/၁၁၄ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ယင်းစခန်းမှ သိရသည်။

R-24


  • VIA