News

POST TYPE

NEWS

ဆိုင်ကယ်ခိုးယူသူများကို ပြန်လွှတ်ပေးသည်ဟုဆိုကာ ဒုရဲအုပ်ကို သမ္မတထံတိုင်ကြား
24-Jul-2019

ဟင်္သာတ၊ ဇူလိုင် ၂၄

ဧရာဝတီတိုင်းဒေသကြီး ဟသာင်္တမြို့နယ် တလုတ္ထော်နယ်မြေရဲတပ်ဖွဲ့စခန်းရှိ ဒုရဲအုပ်တစ်ဦးသည် ပျောက်ဆုံးနေသော ဆိုင်ကယ်များနှင့်အတူ ရှာဖွေ့တွေ့ရှိခဲ့သည့် အမျိုးသားသုံးဦးကို ပြန်လွှတ်ပေးခဲ့ဖြင့် စစ်ဆေးအရေးယူပေးရန် နိုင်ငံတော်သမ္မတသို့ တိုင်ကြားထားကြောင်း ဆိုင်ကယ်ပျောက်ဆုံးသည့် ကာယံရှင်က The Voice Daily သို့ ပြောကြားသည်။

ဟသာင်္တမြို့နယ် မိုးကောင်းကျေးရွာတွင် နေထိုင်သူ ထွန်းထွန်းဝင် (ခ) ဖိုးငယ်သည် နေအိမ်ဘေး ဂိုဒေါင်ထဲတွင် သော့ခတ်ထည့်ထားသော ဆိုင်ကယ်နှစ်စီးမှာ ဇူလိုင် ၁၁ ရက်နေ့က ပျောက်ဆုံးသွားခဲ့သည့်အတွက် တလုတ္ထော်နယ်မြေရဲတပ်ဖွဲ့စခန်းသို့ တိုင်းကြားခဲ့ပြီး ပျောက်ဆုံး ဆိုင်ကယ်များကို ယင်းနယ်ခံ စိုးမင်နှင့် ရန်ကုန်တိုင်းဒေသကြီးလှည်ကူးမြို့မှ လူသုံးဦးတို့ ခိုးယူနိုင်ကြောင်း သတင်းပေးခဲ့သည်။

တလုတ္ထော်နယ်မြေရဲတပ်ဖွဲ့စခန်းသည် လှည်ကူးစခန်းနှင့်ပူးပေါင်းကာ ဇူလိုင်လ ၁၁ ရက်နေ့ ညနေပိုင်းက လိုက်လံဖမ်းဆီးရာ စိုးမင်းဆိုသူမှာ ထွက်ပြေးတိမ်းရှောင်သွားပြီး ပျောက်ဆုံးဆိုင်ကယ် နှစ်စီးနှင့် အမျိုးသားသုံးဦးကို ဖမ်းဆီးရမိသော်လည်း ထိုသုံးဦးကို တလုတ္ထော်ရဲစခန်းတွင် သုံးရက်ခန့် ချုပ်ထားပြီး ပြန်လွှတ်ပေးခဲ့ခြင်းကြောင့် နိုင်ငံတော်သမ္မတထံ တိုင်ကြားခြင်းဖြစ်ကြောင်း ဆိုင်ကယ်ပျောက်ဆုံး ကိုထွန်းထွန်းဝင်းက ရှင်းပြသည်။

ယင်းတိုင်းကြားစာတွင် လက်မှတ်ထိုးခဲ့သူ တလုတ္ထော်မြို့ အမှတ် ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်က ဆိုင်ကယ်ခိုးယူများကို ဖမ်းဆီးခဲ့သည့် ဒုရဲအုပ်ကျော်မင်းသူမှာ ငွေကျပ်နှစ်သိန်း တောင်းသည်ကိုလည်း ပေးခဲ့ရသည့်အပြင် ဖမ်းမိသူများကို ပြန်လွှတ်ပေးခြင်းမှာ ခိုးမှုများအောင် လုပ်ဆောင်သကဲ့သို့ ဖြစ်နေသောကြောင့် တိုင်ကြားခြင်းဖြစ်ကြောင်းဆိုသည်။

အဆိုပါ တိုင်ကြားမှုနှင့် ပတ်သက်၍ တလုတ္ထော်နယ်မြေရဲတပ်ဖွဲ့စခန်း၏ စခန်းမှူး ရဲအုပ်ဥာဏ်လင်းအောင်ကို ဆက်သွယ်မေးမြန်းရာ ၄င်းမှာ ခွင့်ယူထားပြီး ဇူလှိုင် ၂၃ ရက်နေ့မှ တာဝန်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် ဒုရဲအုပ်ကျော်မင်းသူကို မေးမြန်းပြီးမှသာ ဖြေကြားနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

R-13