News

POST TYPE

NEWS

ထရမ့်အစိုးရက စားနပ်ရိက္ခာထောက်ပံ့မှုအစီအစဉ်မှ လူပေါင်း ၃ ဒသမ ၁ သန်းကို ဖြတ်တောက်ဖယ်ရှားရန် အဆိုပြု
24-Jul-2019



ချီကာဂို၊ ဇူလိုင် ၂၃

ဒေါ်နယ်ထရမ့်အစိုးရသည် ဖြည့်စွက်အာဟာရ ထောက်ပံ့မှုအစီအစဉ် SNAP မှ လူပေါင်း ၃ ဒသမ ၁ သန်းခန့်အား ထောက်ပံ့မှု ဖြတ်တောက်သွားမည့် တင်းကျပ်သော စည်းကမ်းချက်တစ်ခုကို အင်္ဂါနေ့တွင် အဆိုပြုမည်ဟုအမေရိကန် လယ်ယာစိုက်ပျိုးရေးဌာနမှ တာဝန်ရှိသူများက ပြောကြားကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

လက်ရှိတွင် အမေရိကန်ပြည်ထောင်စု ၄၃ ပြည်နယ်က ပြည်နယ်တွင် နေထိုင်သူများအားယာယီအထောက်အပံ့ အစီအစဉ် TANF မှ အကျိုးကျေးဇူး ခံစားနေသူများဖြစ်ပါက SNAP မှ ထောက်ပံ့မှုကိုရယူရန် အလိုအလျောက် အကျုံးဝင်ကြောင်း သတ်မှတ်ထားသည်ဟု စိုက်ပျိုးရေးဌာနက ပြောကြားသည်။

သို့ရာတွင် TANF ထောက်ပံ့မှု အကျိုးကျေးဇူးကို ခံစားနေရသူများသည် SNAP မှ အထောက်အပံ့ ရယူရန် အကျုံးဝင်သလားဆိုသည်ကို ဆုံးဖြတ်နိုင်ရန်အတွက် ၎င်းတို့၏ ဝင်ငွေနှင့် ပိုင်ဆိုင်မှုများနှင့်ပတ်သက်သည့် စစ်ဆေးမှုများကို ခံယူစေရန် စိုက်ပျိုးရေးဌာနက လိုလားနေသည်ဟု သိရှိရသည်။

အဆိုပြုချက် အောင်မြင်သွားပါက ဖက်ဒရယ်အစိုးရသည် SNAP အစီအစဉ်မှ အထောက်အပံ့ယူသူများအား ဖြတ်တောက်ခြင်းအားဖြင့် တစ်နှစ်လျှင် ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံ သက်သာသွားမည်ဖြစ်သည်။

အမေရိကန်ပြည်သူအများစုသည် စီးပွားရေးကောင်းမွန်မှုနှင့် အလုပ်လက်မဲ့ နည်းပါးမှုများကြောင့် SNAP အစီအစဉ်ကို အသုံးပြုရန် မလိုအပ်တော့သဖြင့် အခွန်ထမ်းပြည်သူများ၏ ပိုက်ဆံကို ချွေတာရန်အတွက် ထိုအစီအစဉ်ကိုလျှော့ချ ဖြတ်တောက်သင့်သည်ဟု သမ္မတထရမ့်က အကြံပြုထားသည်။

အမေရိကန်စိုက်ပျိုးရေးဝန်ကြီး ဆန်နီပါဂျူးကလည်း “တချို့ပြည်နယ်တွေမှာ သတ်မှတ်ချက် မကိုက်ညီသူတွေကို SNAP အထောက်အပံ့ပေးတဲ့ အစီအစဉ်ရဲ့ ဟာကွက်တွေကနေ အခွင့်ကောင်းယူနေကြတယ်”ဟု တနင်္လာနေ့တွင် ပြောကြားသွားသည်။

SNAP အစီအစဉ်သည် အမေရိကန် လူဦးရေ၏ ၁၂ ရာခိုင်နှုန်းခန့်ရှိသော ပြည်သူ သန်းလေးဆယ်ခန့်အား စားနပ်ရိက္ခာ အခမဲ့ ထောက်ပံ့ပေးနေသည်။

F-04