News

POST TYPE

NEWS

ရွေးကောက်ပွဲ မဟာဗျူဟာ ဩဂုတ်လကုန်အပြီး ရေးဆွဲမည်
23-Jul-2019
မော်လမြိုင်၊ ဇူလိုင် ၂၃

လာမည့်ရွေးကောက်ပွဲအတွက် မဟာဗျူဟာရေးဆွဲနိုင်ရန် ၉ ဦးကော်မတီကို ပြီးခဲ့သည့်သီတင်းပတ်အတွင်းက ဖွဲ့စည်းခဲ့ပြီး ယင်းမဟာဗျူဟာကို ဩဂုတ်လကုန် အပြီးသတ် ရေးဆွဲသွားမည်ဖြစ်ကြောင်း မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး (၁) နိုင်လယီတမက ပြောကြားသည်။

အဆိုပါမဟာဗျူဟာကို ဩဂုတ်လကုန် အပြီးသတ်ရေးဆွဲပြီးစီးပါက ပါတီဗဟို အလုပ်အမှုဆောင်ကော်မတီထံသို့ တင်ပြသွားမည်ဖြစ်ကြောင်း ယင်းပါတီထံမှ သိရသည်။

ရွေးကောက်ပွဲ မဟာဗျူဟာရေးဆွဲရေးကော်မတီကို ယခုလ ၁၈ ရက်နေ့တွင် ပြုလုပ်သည့် မွန်ညီညွတ်ရေးပါတီ၏ ၄/ ၂၀၁၉ ဗဟိုအလုပ်အမှုဆောင် ကော်မတီအစည်းအဝေးတွင် ဖွဲ့စည်းထားပြီး ယင်းကော်မတီတွင် ပါတီဒုဥက္ကဋ္ဌ နိုင်ချမ်းတွဲ့က ဦးဆောင်ရေးဆွဲမည်ဖြစ်ကြောင်း ပါတီတာဝန်ရှိသူများထံမှ သိရသည်။

အဆိုပါမဟာဗျူဟာရေးဆွဲပြီးမှသာလျှင် ရပ်/ကျေးများတွင်ချပြ၍ ပါတီဝင်အင်အားစုဆောင်းခြင်း၊ ပါတီဝင်လျှောက်လွှာ လက်ခံခြင်းများကို ထပ်မံလုပ်ဆောင်ရမည်ဖြစ်ကြောင်း နိုင်လယီတမက ရှင်းပြသည်။

မွန်တိုင်းရင်းသားများကို ကိုယ်စားပြုသည့် မွန်နိုင်ငံရေးပါတီများအဖြစ် ပေါင်းစည်းထားသည့် မွန်ညီညွတ်ရေးပါတီအနေနှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံမှ တရားဝင် မှတ်ပုံတင်ကျပြီး ဖြစ်သည့်အတွက် ဗဟိုအဆင့်နှင့် မြို့နယ်အဆင့် ပါတီရုံးဆိုင်းဘုတ်များကို ယခုလအတွင်း အပြီးသတ်တင်မည်ဖြစ်ကြောင်း မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး (၁) နိုင်လယီတမက ထပ်လောင်း ပြောဆိုသည်။

“ပါတီဗဟိုရုံး ဆိုင်းဘုတ်ကိုတော့ လာမယ့်ဇူလိုင်လ ၂၇ ရက်နေ့မှာ ဆိုင်းဘုတ်တင်သွားမယ်။ မွန်ကမြို့နယ်အဆင့် ပါတီရုံးတွေကိုတော့ အခုလကုန်မှာ အားလုံးတင်နိုင်မှာပါ”ဟု ၎င်းက ဆိုသည်။

မွန်ညီညွတ်ရေးပါတီဆိုင်းဘုတ်တင်ပြီးနောက်ပိုင်း ရွေးကောက်ပွဲအတွက် ဆက်လက်ပြင်ဆင်သွားမည်ဖြစ်ကြောင်း ယင်းပါတီထံမှ သိရသည်။

R-21