News

POST TYPE

NEWS

ကနီရှိ ကျေးရွာအချို့တွင် ရွာလုံးကျွတ်နီးပါး ဆင်တုပ်ကွေးရောဂါဖြစ်
23-Jul-2019
မုံရွာ၊ ဇူလိုင် ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ တွင်းမကျေးရွာနှင့် ဇီးပင်တွင်းကျေးရွာတို့တွင် ဆင်တုပ်ကွေးရောဂါကြောင့် ရွာလုံးကျွတ်ဖျားနာမှုများရှိနေပြီး လူသေဆုံးမှုရှိနေကြောင်း ကနီမြို့နယ်၊ အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောကြားသည်။

“ဇီးပင်တွင်းရွာ တောင်ပိုင်းမှာ အိမ်ခြေအတော်များများဖြစ်နေတယ်။ တစ်အိမ်လုံးဖျားတဲ့အိမ်တွေရှိတယ်။ တွင်းမရွာ ၅ ရွာ လောက်မှာ ဖျားနေကြတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါကျေးရွာဒေသခံများမှာ ရုတ်တရက်ဖျားခြင်း၊ အပြင်းဖျားခြင်း၊ အကွက်များထွက်ခြင်းနှင့် အဆစ်အမြစ်ကိုက်ခြင်း စသည့်ရောဂါ လက္ခဏာများဖြင့် ကျေးရွာအတွင်းရှိ အိမ်တိုင်းနီးပါး လူအကုန်ကူးစက်ကာဖြစ်ပွားနေခြင်းဖြစ်ပြီး လူသေဆုံးမှုအချို့ရှိလာနေကြောင်း ဒေသခံများထံမှ သိရသည်။

ဖျားနာသူများသည် ကနီဆေးရုံနှင့် မုံရွာဆေးရုံတွင် ကုသလျက်ရှိနေပြီး မည်သည့်တုပ်ကွေးအမျိုးအစားဖြစ်သည်ကို အတည်မပြုနိုင်သေးကြောင်း၊ သေဆုံးသည့်လူနာသည် ကင်ဆာရောဂါရှိသူဖြစ်၍ သေဆုံးရခြင်းဖြစ်ကြောင်း၊ အဆိုပါကိစ္စကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှသာ အတိအကျသိနိုင်မည်ဖြစ်ကြောင်း ကနီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိုက်စိုးထွန်းက ပြောကြားသည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လ ၂၂ ရက်နေ့အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရာသီတုပ်ကွေးရောဂါ (H1N1) ကြောင့် ရောဂါဖြစ်ပွားသူ ၃၆၂ ဦးရှိပြီး သေဆုံးသူ ၆၇ ဦးရှိလာကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ဓာတ်ခွဲစစ်ဆေးသူ ၁၀ ဦးရှိပြီး ဓာတ်ခွဲအတည်ပြုဖြစ်ပွားသူ ဦးရေ ၇ ဦးနှင့် သေဆုံးသူ ၂ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲက ထုတ်ပြန်ထားပြီး လက်ရှိအချိန်တွင် Chikungunya ဟု ခေါ်သည့် ဆင်တုပ်ကွေးနှင့် သွေးလွန်တုပ်ကွေးရောဂါများ ဖြစ်ပွားလျက်ရှိသည်။

J-12/R-08


  • VIA