News

POST TYPE

NEWS

ရန်ကုန်တွင် ကားပါကင်နေရာဦးသည့်ပစ္စည်းများ နေ့စဉ်သိမ်းဆည်းမည်
23-Jul-2019
ရန်ကုန်၊ ဇူလိုင် ၂၂

ရန်ကုန်မြို့ရှိ စည်ပင်ပိုင်မြေပေါ်တွင် ကားရပ်နားရန် ကျူးကျော်နေရာချထားသည့် ပစ္စည်းများကို ကားများဖြင့် နေ့စဉ်လိုက်လံသိမ်းဆည်းနေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ တွဲဖက်အတွင်းရေးမှူးဖြစ်သူ ဦးသန်းက ပြောကြားသည်။

အဆိုပါ အများပိုင်နေရာတွင် ကားပါကင်နေရာဦးရန် ချထားသည့် ဆိုင်းဘုတ်များ၊ တာယာများ၊ တွန်းလှည်းများ၊ ပန်းအိုးချထားခြင်း၊ ခုံများ ချထားခြင်းနှင့် ဝါးလုံးများကို သက်ဆိုင်ရာမြို့နယ်စည်ပင် ရုံးများမှ ရုံးကားဖြင့် သိမ်းဆည်းဆောင်ရွက်နေကြောင်း ၎င်းက ဆိုသည်။

“အားလုံးသိတဲ့အတိုင်း ဒီနေ့သိမ်းပြီးရင် နောက်နေ့ပြန်ဦးတာတွေရှိတယ်။ ပန်းအိုးနဲ့ဦးတာတွေရှိတယ်။ ပန်းအိုးတွေ နေ့တိုင်း စည်ပင်ကားပေါ်တင်သိမ်းတယ်။ ယခင်က EO တွေက လိုက်လံသိမ်းတယ်။ အခုက မြို့နယ်ဥက္ကဋ္ဌတွေက EO တွေနဲ့ ပူးပေါင်းပြီး ရှင်းလင်းနေပါတယ်”ဟု ဦးသန်းက ပြောကြားသည်။

ယခုလက်ရှိ ရန်ကုန်မြို့တွင်း မြို့နယ်နှင့် ဆက်စပ်မြို့နယ်များတွင် ကားပါကင်နေရာနှင့် လမ်းနယ်ကျူးကျော်သူများကို စည်ပင်ထံသို့ တိုင်ကြားနိုင်ပြီး တိုင်ကြားစာများကို အလေးထားကာ အရေးယူ ဆောင်ရွက်နေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

ယခုလက်ရှိ မြို့တွင်းမြို့နယ်များရှိ ကွန်ဒို၊ တိုက်ခန်းများ၊ ကုမ္ပဏီများ၊ ဘဏ်များ၊ ရှော့ပင်းစင်တာများနှင့်ဆိုင်ရှေ့များတွင် တစ်ဦးတည်းပိုင်အဖြစ် ကားရပ်နားရန် ပါကင်ဦးထားသည့် ဆိုင်းဘုတ်များ၊ တာယာများ၊ တွန်းလှည်းများ၊ ပန်းအိုးချ ထားခြင်း၊ ခုံများနှင့် ဝါးလုံးများ ချထားခြင်းများရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

ယခုအခါ မြို့တွင်းခြောက်မြို့နယ်၊ မြို့တွင်းဆက်စပ်မြို့နယ်များရှိ ကွန်ဒို၊ တိုက်ခန်းများ၊ ကုမ္ပဏီများ၊ ဘဏ်များ၊ ရှော့ပင်းစင်တာများရှေ့တွင် တစ်ဦးတည်း ပိုင်အဖြစ် ဆိုင်းဘုတ်များ၊ ခုံများ၊ တာယာခွေများနှင့် ဝါးလုံးများတန်း၍ ကားရပ်နားရန် ပါကင် ဦးယူသူများပြားလာပြီး ခိုက်ရန်ဖြစ်ပွားသည်အထိ ပြဿနာတက်မှုများ ရှိလာကြောင်း မြို့တွင်းမြို့နယ်တွင် နေထိုင်သူများထံမှ သိရသည်။

J-10


  • VIA