News

POST TYPE

NEWS

မိုးခေါင်မှုကြောင့် ရှင်မတောင်ဒေသရှိ သမင်နှင့် မျောက်များအတွက် ရေအခက်အခဲဖြစ်
22-Jul-2019
ရေစကြို၊ ဇူလိုင် ၂၂

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်ရှိ ရှင်မတောင်ဒေသတွင် မိုးခေါင်နေမှုကြောင့် တိရစ္ဆာန်များသောက်သုံးနေသည့် သဘာဝမြေသားရေကန်များမှာ ရေခန်းခြောက်လာပြီး ရွှေသမင်နှင့် မျောက်အစရှိသည့် တိရိစ္ဆာန်များအတွက် ရေအခက်အခဲဖြစ်နေကြောင်း အပူပိုင်းဇုန်တာဝန်ခံ ဦးသန်းဦးက ပြောကြားသည်။

ရှင်မတောင်သစ်တောကြိုးဝိုင်းအတွင်း နေထိုင်ကျက်စားနေသည့် မျောက်ကောင်ရေ ၅၀၀ ခန့်နှင့် သမင်ကောင်ရေ ၃၀၀ ခန့်အတွက် သောက်ရေလိုအပ်နေခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ရှင်မတောင်သစ်တောကြိုးဝိုင်းအတွင်းရှိ သမင်နှင့် မျောက်များအတွက် ရေအခက်အခဲဖြစ်နေသဖြင့် ရန်ကုန်မှ ဂါလန် ၂၈၀၀ ဆံ့သည့် ရေကားဖြင့် သွားရောက်ကာ ရေဖြန့်ဝေမည်ဖြစ်ပြီး ယင်းဒေသတွင် သစ်တောထိန်းသိမ်းရေးကိုလည်း သစ်တောဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံသစ်ပင်ချစ်သူများအသင်းမှ ဥက္ကဋ္ဌ ဦးသန်းထိုက်ဦးက ပြောကြားသည်။

အဆိုပါ ရှင်မတောင်သစ်တောကြိုးဝိုင်းသည် ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်အတွင်းတည်ရှိပြီး ၁၄၉၅၅ ဧက အကျယ်အဝန်းရှိကြောင်း သစ်တောဦးစီးဌာနစာရင်းများအရ သိရသည်။




  • VIA