News

POST TYPE

NEWS

ကြုံတောင့်ကြုံခဲ ဝိုင်ပွဲတော် ဆွစ်ဇာလန်တွင် ကျင်းပ
21-Jul-2019


ဂျီနီဗာ၊ ဇူလိုင် ၂၁

ဝိုင်ထုတ်လုပ်သူများ၏ ဖေးဒီးစ်ဗိုင် နာရွန်စ်ဟုခေါ်သော မျိုးဆက်တစ်ဆက်လျှင် တစ်ကြိမ်သာ ကျင်းပသည့်ဝိုင်ပွဲတော်ကို ဆွစ်ဇာလန်နိုင်ငံ ဗီဗေးမြို့လေးတွင် ယခုသီတင်းပတ်အတွင်း ကျင်းပခဲ့သည်ဟု DW သတင်းတွင် ဖော်ပြထားသည်။

ဆွစ်ပြည်သူများနှင့် ခရီးသွား ဧည့်သည်များသည် ဒေသတွင်း ဝိုင်ထုတ်လုပ်သူများ၏ ကြုံတောင့်ကြုံခဲ ဝိုင်ပွဲတော်ကို ပါဝင်ဆင်နွှဲရန်အတွက် ဂျီနီဗာရေကန်ကြီးနံဘေးရှိ ဗီဗေးမြို့လေးသို့ စုပြုံရောက်ရှိလာခဲ့ကြသည်။

ဂျီနီဗာရေကန်နံဘေး ဗီဗေးဝိုင်ပွဲတော်သို့ ပါဝင်ဆင်နွှဲရန် ရောက်ရှိလာသူ အသက် ၃၁ နှစ်အရွယ် ကိုယ်ကာယနှင့် ကြွက်သားဆိုင်ရာ ဆေးပညာရှင်က “ဒီအချိန်လေးကို ကျွန်တော်တို့ စောင့်နေတာ နှစ် ၂၀ လောက်ရှိပြီဗျ။ စိတ်လှုပ်ရှားစရာပါပဲ”ဟု ပြောကြားသည်။

ဒေါ်လာ သန်း ၁၀၀ အကုန်အကျခံကာ ကျင်းပခဲ့သည့် ဝိုင်ပွဲတော်အတွက် ကချေသည်များ၊ နာမည်ကျော်သရုပ်ဆောင်များနှင့် ဧည့်သည်တော်များကို အရေအတွက် ထောင်နှင့်ချီ၍ ဖိတ်ခေါ်ထားခဲ့သည်။ ဝိုင်ပွဲတော်အဖွင့်သည် အိုလံပစ် အားကစားပွဲ ဖွင့်ပွဲအခမ်းအနားနှင့် တူသည်ဟု အချို့လေ့လာသူများက မှတ်ချက်ပြုကြသည်။

ဝိုင်ပွဲတော် အခမ်းအနားများကို ကြာသပတေးနေ့မှစ၍ တရားဝင် ဖွင့်လှစ်လိုက်ပြီး ဩဂုတ်လထဲအထိ ကျင်းပသွားမည်ဖြစ်သည်။ ၁၇၉၇ ခုနှစ်ကတည်းက စတင်ခဲ့သည့် ဝိုင်ပွဲတော်ကို နှစ် ၂၀ လျှင် တစ်ကြိမ် ကျင်းပလေ့ရှိပြီး ပွဲတော်ကျင်းပရန် သီးသန့် တည်ဆောက်ထားသည့် ကွင်းပြင်သည် လူနှစ်သောင်းခန့် ဆံ့သည်ဟု သိရှိရသည်။

အကန့်အသတ်ဖြင့် တင်ပို့မှုကြောင့် ဆွစ်ဝိုင်သည် နိုင်ငံပြင်ပတွင် ကျော်ကြားမှု မရှိသော်လည်း စပျစ်သီး အမျိုးအစား ပေါင်းစုံကို အသုံးပြုကာ ထုတ်လုပ်ထားပြီး ပီနော့နွိုင်၊ မားလော့၊ ချာဆီလာ့စ်နှင့် ဂါမေ စပျစ်သီးအမျိုးအစားများ ပါဝင်သည်ဟု ဆိုသည်။

“ဒီဒေသမှာ ဝိုင်ကို အကန့်အသတ်နဲ့ ထုတ်လုပ်မှုကြောင့် ခင်ဗျားက ဝိုင်ထုတ်လုပ်သူ လုပ်ငန်းရှင်နဲ့ မိတ်ဆွေဖြစ်နေတယ်ဆိုရင်တောင် တစ်ခါတလေမှာ ဝိုင်ခြောက်ပုလင်းလောက်ပဲ ဝယ်ယူခွင့်ရလိမ့်မယ်။ ဒါတောင် ခင်ဗျားကို ခင်လို့ ရောင်းပေးတာနော်”ဟု ဝိုင်ပွဲတော်၏ အမှုဆောင်ဒါရိုက်တာ ဖရက်ဒရစ်ဟိုးလ်က ပြောကြားသည်။

ဆွစ်ဇာလန်နိုင်ငံ၏ နာမည်ကျော် လှေကားထစ် ဝိုင်စပျစ်စိုက်ခင်းများကို နိုင်ငံ၏တန်ဖိုးထား မြတ်နိုးဖွယ် ယဉ်ကျေးမှု အမွေအနှစ်များထဲမှ တစ်ခုအဖြစ် UNESCO က ၂၀၁၆ တွင် စာရင်းသွင်းခဲ့သည်။

F-04