News

POST TYPE

NEWS

ပုဂံသဗ္ဗညုဘုရားကို တရုတ်က သုံးဖက်မြင် Scan ဖတ်
21-Jul-2019

မန္တလေး၊ ဇူလိုင် ၂၁

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်းရှိ ငလျင်ဒဏ်သင့် သဗ္ဗညုဘုရား၏ အချက်အလက်အသေးစိတ်ကို သိရှိနိုင်ရန်အတွက် တရုတ်နိုင်ငံမှ ပညာရှင်များက သုံးဖက်မြင် Scan ဖတ်ခြင်းပြုလုပ်နေကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ)ထံမှ သိရသည်။

“ဘုရားနဲ့ပတ်သက်တာတွေ အသေးစိတ်ရမယ်။ ဒါတွေသိရမှ ဘယ်လိုပြင်ဆင်ထိန်းသိမ်းရမလဲ ဆိုတာတွေသိမယ်။ ဘယ်နေရာကတော့ ဘာဖြစ်နေပြီ။ ဘယ်လိုပြင်ရမယ်ဆိုတာတွေကို အသေးစိတ်သိရမှာ ဖြစ်ပါတယ်”ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) မှ ဒုတိယညွန်ကြားရေးမှူး ဦးမြင့်သန်းက ပြောဆိုသည်။

သုံးဖက်မြင် Scan ဖတ်ခြင်းလုပ်ငန်းများအပြင် ငလျင်နှင့်ပတ်သက်၍ လေ့လာခြင်းများ၊ သဗ္ဗညုဘုရားနှင့် အနီးပတ်ဝန်းကျင်ကို စူးစမ်းလေ့လာခြင်းများ၊ သဗ္ဗညုဘုရားအနီးရှိဘုရားများကို လေ့လာပြုပြင်ထိန်းသိမ်းခြင်းများကို ဇူလိုင်လ ၁၀ ရက်နေ့မှ ဩဂုတ်လ ၅ ရက်နေ့ထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရသည်။

သဗ္ဗညုဘုရားပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများအတွက် တရုတ်နိုင်ငံနှင့် MoU ထိုးထားပြီး ပြုပြင်ထိန်းသိမ်းခြင်းနှင့် Scan ဖတ်ခြင်းလုပ်ငန်းကို သဗ္ဗညုဘုရားတစ်ခုတည်း၌သာ လုပ်ဆောင်သွားမည်ဖြစ်သည်။

အဆိုပါသဗ္ဗညုဘုရားအရေးပေါ် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဧပြီလကုန်မှ ဇွန်လအထိ ပြုလုပ်ခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှ သိရသည်။

ရေရှည်ထိန်းသိမ်းမှုလုပ်ငန်းများကိုမူ ယခုနှစ် အောက်တိုဘာလကုန်တွင် ဆောင်ရွက်မည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

M-05