News

POST TYPE

NEWS

ဧရာဝတီမြစ်ရေတက်၍ စစ်ကိုင်းတိုင်း ၆ မြို့ နယ်မှ လူဦးရေ ၁၂,၀၀၀ ကျော် ရေဘေးသင့်
21-Jul-2019

ကလေး၊ ဇူလိုင် ၂၀

ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် ၆ မြို့နယ်တွင် မြစ်ရေဝင်ရောက်သဖြင့် ရေလွတ်ရာပြောင်းရွှေ့နေထိုင်ရသူ တစ်သောင်းနှစ်ထောင်ကျော် ရှိသွားပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနမှူးရုံးမှ သိရသည်။

မြစ်ရေတက်၍ ကသာတွင် (ဇူလိုင် ၁၈ ရက်စာရင်း) ၅,၄၀၀ ဦးခန့်၊ ထီးချိုင့် တွင် (၁၉ ရက်စာရင်း) ၄,၁၀၀ ကျော်၊ ခင်ဦးမြို့တွင် (၁၉ ရက်စာရင်း) ၂၁၀ ကျော်၊ ကန့်ဘလူတွင် (၁၈ ရက်စာရင်း) ၁၅ ဦး၊ ကျောက်မြောင်းတွင် (၁၉ ရက် စာရင်း) ၃၆၀ ခန့်၊ စစ်ကိုင်းတွင် (၁၉ ရက် စာရင်း) ၂,၈၀၀ ခန့် ရေဘေးလွတ်ရာ ရွှေ့ပြောင်းနေရကြောင်း အဆိုပါရုံးထံမှ သိရှိရသည်။

“ရေကြီးတဲ့အခါကျတော့ ရေလွတ်ရာကုန်းမြင့်တွေပေါ်မှာ နေထိုင်ကြတယ်။ မြို့နယ်အသီးသီးမှာလည်း ကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ထားတယ်။ ကူညီထောက်ပံ့မှုတွေလည်း ပြုလုပ်နေပါတယ်” ဟု ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မိုးလေဝသနှင့် ဇလဗေဒညွန်ကြား မှုဦးစီးဌာနရုံး၏ ဇူလိုင်လ ၂၀ ရက် ညနေ ၅ နာရီ မိနစ် ၃၀ တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ကသာမြို့၏ စိုးရိမ်ရေမှတ် ၁၀၄၀ စင်တီမီတာအထိလည်းကောင်း၊ စစ်ကိုင်းမြို့၏ စိုးရိမ်ရေမှတ် ၁၁၅၀ စင်တီမီတာအထက် ၁၁၆၆ စင်တီမီတာ အသီးသီးရှိကြောင်း ယင်းဌာနထံမှ သိရသည်။

ဇူလိုင်လအတွင်း မြစ်ရေမြင့်တက်မှုသည် ဧရာဝတီမြစ်အပြင် ချင်းတွင်းမြစ်ရေပါ မြင့်တက်ခဲ့ပြီး ချင်းတွင်းမြစ် ကမ်းဘေးရှိ မြို့နှစ်မြို့ဖြစ်သော ခန္တီးမြို့တွင် လူဦးရေ ၁၉၄၉ ဦး ရေလွတ်ရာ ပြောင်းရွှေ့နေထိုင်ခဲ့ရပြီး ဟုမ္မလင်းမြို့တွင် လူဦးရေ ၉၂ ဦး ရေလွတ်ရာ ပြောင်းရွှေ့နေထိုင်ခဲ့ကြရသည်။

R-20