News

POST TYPE

NEWS

စစ်ကိုင်းရှိ မြန်မာ-ထိုင်း နံရံဆေးရေးပန်းချီများရှိရာ မဟာသိမ်တော်ကြီးသို့ ဧရာဝတီမြစ်ရေ စတင်ဝင်ရောက်
20-Jul-2019



မန္တလေး၊ ဇူလိုင် ၂၀

စစ်ကိုင်းမြို့ရှိ မြန်မာ-ထိုင်း နံရံဆေးရေးပန်းချီလက်ရာများရှိရာ မဟာသိမ်တော်ကြီးသို့ ဧရာဝတီမြစ်ရေ စတင်ဝင်ရောက်နေပြီဖြစ်ကြောင်း စစ်ကိုင်းမြို့ ဒေသခံအချို့က ပြောကြားသည်။

သိမ်တော်ကြီးသည် စစ်ကိုင်းမြို့၊ ဒါးဝယ်ဈေးတိုက်နယ်၊ သမိုင်းဝင် ဝေဠုဝန် ငါးထပ်ကြီးဘုရားအနီးတွင် တည်ရှိကြောင်း၊ ယင်းနေရာသည် ရေဝင်မြေနေရာဖြစ်ကြောင်း စစ်ကိုင်းမြို့ခံ ကိုပြည့်ဖြိုးအောင်က ပြောကြားသည်။

''ရေက ဒီနေ့မနက်ကစပြီးတော့ ဝင်နေပြီ။ အဲ့ဒီက ဘုန်းကြီးတွေကတော့ ရေမဝင်အောင်လုပ်နေပါတယ်။ ပစ္စည်းတွေရွေ့၊ သဲအိတ်တွေ ကာနေပါတယ်။ သို့သော်လည်း မရပါဘူး။ အခုက တမံလုပ်ထားပေမယ့် သူက မိုးအတွက်လုပ်ထားတာပါ။ မြစ်ရေအတွက်ကတော့ မနိုင်ဘူး။ သိမ်တော်ကြီးတည်ရှိနေတဲ့နေရာက ရေဝင်နေရာဖြစ်တယ်'' ဟု ၎င်းက ဆိုသည်။

မဟာသိမ်တော်ကျောင်းတိုက်နေရာသည် နှစ်စဉ် ရေဝင်ရောက်ရာနေရာဖြစ်ကြောင်း၊ ရေခိုးရေငွေများကြောင့်လည်းကောင်း၊ သိမ်တော်ကြီး အမိုးများမှ ရေယိုခြင်းများကြောင့် ဆေရေးပန်ချီများ ပျက်စီးမှုများမှကာကွယ်ရန်အတွက် ရေတားနံရံတည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၁၈ ခုနှစ်အတွင်းက လုပ်ဆောင်ပြီးစီးခဲ့သည်။

ဧရာဝတီမြစ်ရေမှာ မန္တလေးမြို့တွင် စိုးရိမ်ရေမှတ်ဖြစ်သည့် ၁၂၆၀ စင်တီမီတာအထက် ကျော်လွန်၍ ၁၂၇၅ စင်တီမီတာသို့ ရောက်ရှိနေသည်။

မိုးလေဝသနှင့် ဇလဗေဒညွန့်ကြားမှုဦးစီးဌာနမှ ဇူလိုင်လ ၂၀ ရက်နေ့ ၁၂ နာရီခွဲအချိန် ထုတ်ပြန်ချက်အရ ဧရာဝတီမြစ်ရေသည် စစ်ကိုင်းမြို့၏ စိုးရိမ်ရေအမှတ်နှင့်အထက် ၁၁၆၀ စင်တီမီတာသို့ ရောက်ရှိနေသည်။ စစ်ကိုင်းမြို့၏ စိုးရိမ်ရေအမှတ်မှာ ၁၁၅၀ စင်တီမီတာဖြစ်သည်။

M-05