News

POST TYPE

NEWS

အာဇာနည်ခေါင်းဆောင်ကြီးများအတွက် အောက်မေ့ဖွယ်ရာ ဘာသာပေါင်းစုံဆုတောင်းပွဲ ကျင်းပ
19-Jul-2019


ရန်ကုန်၊ ဇူလိုင် ၁၉

(၇၂) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအား အောက်မေ့ဖွယ်ရာ ဘာသာပေါင်းစုံ ဆုတောင်းပွဲအခမ်းအနားကို ယနေ့ ညနေ ၃ နာရီခွဲက ရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလမ်း၊ အမှတ် (၅၄) ရှိ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်၌ ကျင်းပခဲ့သည်။

ဆုတောင်းပွဲသို့ နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးထင်ကျော်နှင့်ဇနီး၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် ပြည်ထောင်စုဝန်ကြီးများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးနှင့်ဘာသာပေါင်းစုံမှ တာဝန်ရှိသူများနှင့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဘာသာပေါင်းစုံမှ တာဝန်ရှိသူများသည် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများကို အောက်မေ့သတိရခြင်း အထိမ်းအမှတ်အဖြစ် နှစ်မိနစ် ငြိမ်သက်ဂါရဝပြုကြသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နှုတ်ခွန်းဆက်စကား ပြောကြားပြီးနောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူ ဗဟိုအဖွဲ့ချုပ် အဖွဲ့ဝင် ဦးမျိုးကိုကိုနှင့် ဦးဆူနီလ်၊ အစ္စလာမ် ဓမ္မဗိမာန် ဦးဆောင်ဆော်သြရေးမှူး အယ်လ်ဟာဂ်ျ ဦးအေးလွင်၊ မြန်မာနိုင်ငံ ဂျူးဘာသာခေါင်းဆောင် ဆရာဦးစယ်မီ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဘဟာအီသာသနာအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးတင်ကြိုင်နှင့် အဖွဲ့ဝင်ဒေါ်ကျင်လှ၊ ဆစ်ခ်ဘာသာကိုယ်စားနယ်လှည့် ဆစ်ခ်သာသနာ အကျိုးတော်ဆောင် ဂရာနီးသာရာဆင်း (တောင်ကြီး)၊ မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များကောင်စီကိုယ်စား သာသနာပိုင် ဒေါက်တာ စံမြတ်ရွှေတို့က မေတ္တာစကားများပြောကြားကြပြီး ကိုးကွယ်ရာဘာသာများအလိုက် ဆုတောင်းမေတ္တာပို့သကြသည်။

ဆက်လက်၍ ဂိုဏ်းအုပ်ဆရာတော် ဂျွန်မန်းဆိန်းဃှီက ဆုတောင်းစကားပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ပရိသတ်များက “ဖြောင့်မတ် မည်ကျူး”ဓမ္မဂုဏ်တော်ချီးမွှမ်းပြီး သိက္ခာတော်ရဆရာ ဒေါက်တာ A ကိုလေးက ကောင်းချီးမင်္ဂလာပေး၍ ဆုတောင်းပွဲ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။