News

POST TYPE

NEWS

H1N1 ဖြင့် သေဆုံးသူ ဆက်လက်စံချိန်တင်၊ စိုးရိမ်စရာအခြေအနေမဟုတ်ဟု ကျန်းမာရေးဌာန ပြော
19-Jul-2019
ရန်ကုန်၊ ဇူလိုင် ၁၉

ရာသီတုပ်ကွေးရောဂါ (H1N1) ကြောင့် သေဆုံးသူ ၆၂ ဦးအထိ ရှိလာသည်ဟု ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက တရားဝင်ထုတ်ပြန်ထားပြီး ယခုအခြေ အနေမှာ စိုးရိမ်စရာမဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ပြောကြားသည်။

၂၀၁၇ ခုနှစ်က H1N1 ဖြစ်ပွားမှုကြောင့် ၃၈ ဦးသေဆုံးခဲ့သည်မှာ ယင်းနှစ် တစ်နှစ်လုံးစာရင်းဖြစ်ပြီး ယခုအခါ  ဇူလိုင်လ ၁၈ ရက်နေ့ စာရင်းအရပင် သေဆုံးသူ ၆၂ ဦးဖြင့် သေဆုံးမှုနှုန်း မြန်ဆန်ရုံမျှမက သေဆုံးသူဦးရေပါ ဆက်လက်စံချိန်တင် မြင့်တက်နေခြင်းဖြစ်သည်။

“စိုးရိမ်ရတဲ့အခြေအနေလို့ သတ်မှတ်လို့မရဘူး။ ရာသီတုပ်ကွေးဆိုတာ ဒီရာသီမှာ ဖြစ်မှာပဲ။ တခြားနိုင်ငံတွေထက်စာရင် ဖြစ်တာနည်းတယ်။ H1N1 ကြောင့် သေတာက ၇ ယောက်လောက်ပဲရှိတယ်။ တချို့က တခြားရောဂါနဲ့ သေပြီးတော့မှ H1N1 စစ်လို့တွေ့တာ။ H1N1 ကြောင့် သေတယ်လို့ ပြောလို့မရဘူး”ဟု ဒေါက်တာထွန်းမြင့်က ရှင်းပြသည်။

မြန်မာနိုင်ငံတစ်ဝန်း ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လ ၁၈ ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီးတွင် သေဆုံးသူ ၄၉ ဦးဖြင့် အများဆုံးသေဆုံးလျက်ရှိပြီး ဧရာဝတီတိုင်းတွင် ၄ ဦး၊ ကချင်ပြည်နယ်တွင် ၁ ဦး၊ ပဲခူးတိုင်းဒေသကြီးတွင် ၂ ဦး၊ မကွေးတိုင်းဒေသကြီးတွင် ၁ ဦး၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင် ၂ ဦး၊ မွန်ပြည်နယ်တွင် ၃ ဦးရှိကြောင်း ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲထံမှ သိရသည်။

လက်ရှိအချိန်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A (H1N1) pdm09) ဓာတ်ခွဲစစ်ဆေးသူပေါင်း ၇၄၂ ဦးရှိခဲ့ပြီး ဓာတ်ခွဲအတည်ပြုဖြစ်ပွားသူ ဦးရေ ၃၁၉ ဦးနှင့် သေဆုံးသူ ၆၂ ဦးအထိ ရှိလာရာ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် စာရင်းများနှင့် နှိုင်းယှဉ်ပါက သေဆုံးမှုနှုန်း ဆက်တိုက်မြင့်တက်လျက်ရှိသည်ကို တွေ့ရသည်။

၂၀၁၇ ခုနှစ်အတွင်း တုပ်ကွေး ရောဂါပိုးစစ်ဆေးသူ ၁၁၆၅ ဦးအနက် ၄၅၈ ဦးတွင် တုပ်ကွေးရောဂါပိုး တွေ့ရှိခဲ့ပြီး ၎င်းတို့အနက် ၄၀၆ ဦးတွင် ရာသီတုပ်ကွေးရောဂါ (H1N1) ပိုး တွေ့ရှိခဲ့ပြီး ၃၈ ဦး သေဆုံးခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်တွင် တုပ်ကွေးရောဂါပိုး စစ်ဆေးသူ ၃၆၇ ဦး အနက် ၁၁၈ ဦးတွင် တုပ်ကွေးရောဂါပိုး တွေ့ရှိခဲ့ပြီး ၁၃ ဦးတွင် H1N1 ပိုး တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ H1N1 ရောဂါဓာတ်ခွဲစစ်ဆေးသူ စုစုပေါင်း ၃၈၅ ဦး၊ ဓာတ်ခွဲအတည်ပြု ဖြစ်ပွားသူ ၁၈၀ ဦးရှိပြီး သေဆုံးသူ ၄၉ ဦး ရှိကြောင်း၊ ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှု အများဆုံး မြို့နယ်များအဖြစ် လှိုင်သာယာတွင် ဓာတ်ခွဲအတည်ပြုဖြစ်ပွားသူ ၁၅ ဦးနှင့် သေဆုံးသူ ၅ ဦး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) တွင် ဓာတ်ခွဲအတည်ပြုဖြစ်ပွားသူ ၁၆ ဦးနှင့် သေဆုံးသူ ၅ ဦး၊ သင်္ဃန်းကျွန်းတွင် ဓာတ်ခွဲအတည်ပြုဖြစ်ပွားသူ ၁၂ ဦးနှင့် သေဆုံးသူ ၃ ဦးရှိကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ထုတ်ပြန်ထားသည်။

“ရန်ကုန်ဆိုတာ မြန်မာပြည်မှာ လူဦးရေအများဆုံး၊ အထူထပ်ဆုံးပဲ။ ရွှေ့ပြောင်းသွားလာမှုတွေကလည်း အများဆုံးပဲ။ ဒါကြောင့် တခြားတိုင်းနဲ့ပြည်နယ်တွေထက်တော့ ဘယ်ရောဂါမဆို ရန်ကုန်တိုင်းက ပိုပြီးတော့ ဖြစ်မှာပဲ”ဟု ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ပြောဆိုသည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအနေနှင့် မြို့နယ်များနှင့် လူထူထပ်သည့်နေရာများတွင် ပိုစတာများ၊ ပန်းဖလက်များ၊ စတစ်ကာများကို ဖြန့်ဝေပေးလျက်ရှိပြီး လမ်းဆုံလမ်းခွများတွင်လည်း မြေစိုက်ပိုစတာများထောင်၍ ပြည်သူလူထုအား အသိပေးမှုများ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါ ရောဂါသည် အသက်တစ်နှစ်အောက် ကလေးများတွင် ၆ ရာခိုင်နှုန်း၊ အသက် ၅ နှစ်မှ ၁၅ နှစ်အရွယ်တွင် ၁၄ ရာခိုင်နှုန်း၊ အသက် ၆၀ နှစ်နှင့် အထက်တွင် ၁၄ ရာခိုင်နှုန်း၊ အသက် ၁ နှစ်မှ ၅ နှစ် အရွယ်များတွင် ၁၇ ရာခိုင်နှုန်း၊ အသက် ၁၅ နှစ်မှ ၆၅ နှစ် အရွယ်များတွင် ၄၉ ရာခိုင်နှုန်းအထိ ဖြစ်ပွားမှု၊ သေဆုံးမှုများရှိနေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမျိုးသားကျန်းမာရေး ဓာတ်ခွဲဌာန၏ မှတ်တမ်းများအရ သိရသည်။

ထို့အတူ နာရေးကူညီမှုအသင်း (ရန်ကုန်) အနေနှင့်လည်း H1N1 ဖြင့် သေဆုံးသည့် လူနာများကို ဆေးရုံများမှ တစ်ဆင့် သက်ဆိုင်ရာ သုသာန်များသို့ ဆေးရုံကြီးများနှင့် မိသားစုများ၏ အကူအညီတောင်းခံမှုများကြောင့် အခမဲ့ကူညီ ပို့ဆောင်ပေးလျက်ရှိသည်မှာ ဇွန်လ ၁၉ ရက်နေ့မှ ဇူလိုင်လ ၁၈ နေ့အထိ တစ်လ ကြာကာလအတွင်း အလောင်း ၂၂ လောင်းအထိ ရှိလာကြောင်း ယင်းအသင်းထံမှ သိရသည်။

“အကူအညီတောင်းရင်တော့ သွားသယ်ပေးလိုက်တာပါပဲ။ အရင်နေ့က အထိတော့ အလောင်းက ၂၀ ပေါ့။ ဒီနေ့ ဟယ်လ်ပင် ကလေးဆေးရုံက ကလေးတစ်လောင်းနဲ့ ဂျပန်ဆေးရုံက အသက် ၃၀ အရွယ် အမျိုးသမီးတစ်ယောက်ဆိုတော့ ၂ လောင်း သွားသယ်မယ်။ ကျွန်တော်တို့အသုံးပြုနေတဲ့ ရောဂါကာကွယ်ရေး ပစ္စည်းတွေက ကိုယ့်ဘာသာဝယ်ထားတာလည်း ရှိသလို အလှူရှင်တွေက လာလှူထားတာလည်း ရှိတယ်။ ဆေးရုံကတော့ ထောက်ပံ့ခြင်းမရှိပါဘူး”ဟု နာရေးကူညီမှုအသင်း (ရန်ကုန်) ပြန်ကြားရေးဌာန၊ ကြီးကြပ်ရေးမှူး ဦးဇော်ထွန်းမြတ်က ရှင်းလင်းပြောကြားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနအနေနှင့် ရောဂါကျဆင်းရေးတွင် အဓိကကျသည့် အချက်မဟုတ်သော်လည်း ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေးများကို ဦးတည်အုပ်စုအလိုက် ထိုးနှံပေးရန် စီစဉ်လျက်ရှိကြောင်း ယင်းဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဇူလိုင်လ ၁၇ ရက် နေ့တွင် ပြုလုပ်သည့် ရာသီတုပ်ကွေးရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်း အပတ်စဉ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသည်။

“ဆေးဝါးရရှိမှုအပေါ်မူတည်ပြီးတော့ ဆောင်ရွက်ဖို့တော့ ရှိတယ်။ ဥပမာ ဆေးခန်းမှာ လာပြလို့ သမားတော်ကြီးတွေက ထိုးဖို့လိုအပ်တယ်လို့ ယူဆရင် ထိုးပေးမယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ဖြည့်စွက်ပြောကြားသည်။

H1N1 ကြောင့် သေဆုံးသူများသည် အသက်အရွယ်ကြီးသူများ၊ အသက်ငယ်သူများနှင့် ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အသက်ရှူလမ်းကြောင်းရောဂါ စသည့် နာတာရှည်ရောဂါ အခံရှိသူများဖြစ်ပြီး ရာသီတုပ်ကွေးရောဂါသည် တုပ်ကွေးလက္ခဏာများအပြင် အဖျားကြီးခြင်း၊ အသက်ရှူကျပ်ခြင်း၊ အသက်ရှူခက်ခြင်း၊ သတိလစ်ခြင်းနှင့် ဂနာမငြိမ်ဖြစ်ခြင်း စသည့် လက္ခဏာများ ဖြစ်ပွားနိုင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အသိပေးကြေညာချက်များ ထုတ်ပြန်ထားသည်။

ထို့ကြောင့် နှာချေတိုင်း၊ ချောင်းဆိုးတိုင်း ပါးစပ်နှင့် နှာခေါင်းကို သေချာစွာ ဖုံးအုပ်ရန်နှင့် ယင်းရောဂါလက္ခဏာ ရှိသူများအား ထိတွေ့၊ ကိုင်တွယ်ပြီးချိန်တိုင်း ရေနှင့် ဆပ်ပြာတို့ဖြင့် သေချာစွာ လက်ဆေးရန်၊ မိမိတွင် တုပ်ကွေးရောဂါ ဖြစ်သည်ဟု သံသယရှိပါက အခြားသူများသို့ ကူးစက်မှုမှ ကာကွယ်ရန် မိသားစုနှင့် နီးကပ်စွာ နေထိုင်ခြင်း၊ ကျောင်း၊ ဈေး၊ လုပ်ငန်းခွင်နှင့် လူထူထပ်သည့် နေရာများသို့ သွားလာခြင်းကို ရှောင်ကြဉ်ရန် လိုအပ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အသိပေးနှိုးဆော်ထားသည်။ 

J-12


  • VIA