News

POST TYPE

NEWS

အူဂါလူမျိုးသားအမိကို ထွက်ခွာခွင့်ပေးရန် တရုတ်ကို ဩစတြေးလျ တောင်းဆို
19-Jul-2019



ကင်ဘာရာ၊ ဇူလိုင် ၁၈

ဩစတြေးလျနိုင်ငံသား ဖခင်၏ လူသိရှင်ကြား မေတ္တာရပ်ခံချက် ထွက်ပေါ်လာပြီးနောက်တွင် အူဂါလူမျိုးသားအမိအား ထွက်ခွာခွင့်ပြုရန် ဩစတြေးလျအစိုးရက တရုတ်နိုင်ငံကို တိုက်တွန်းလိုက်သည်ဟု BBC သတင်းတွင် ဖော်ပြသည်။

တရုတ်နိုင်ငံသည် မွတ်ဆလင် အူဂါ လူမျိုးတစ်သန်းခန့်ကို ထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းထားသည်ဟု လူ့အခွင့်အရေးအုပ်စုများက ပြောကြားလျက်ရှိသည်။ တရုတ်နိုင်ငံကမူ အသက်မွေးဝမ်း ကျောင်းသင်တန်းစင်တာများသာ ဖြစ်သည်ဟု ဖုံးကွယ်ငြင်းဆန်ထားသည်။

ဩစတြေးလျနိုင်ငံသား အူဂါလူမျိုး ဆက်ဒမ်အဗ္ဗဒူဆာလာမူသည် ၎င်း၏ဇနီးနှင့် ၎င်းမတွေ့ဖူးသေးသော ကလေးငယ်တို့အား ဆစ်ဒနီသို့ လာရောက်ခွင့်ပေးရန် တောင်းဆိုထားပြီး တရုတ်အာဏာပိုင်များက မှတ်ချက်ပေးခြင်းမရှိသေးပေ။

ဆာလာမူသည် ၂ နှစ်အရွယ် သားငယ်လူဖီအတွက် ဩစတြေးလျ နိုင်ငံသားလျှောက်ထားမှု ရရှိသွားပြီဖြစ်ပြီး လူဖီ၏မိခင် နာဒီလာဝူမေမှာ တရုတ်လူမျိုးဖြစ်သည်။

အသက် ၂၉ နှစ်အရွယ် ဖခင်သည် မိသားစုပြန်လည်ဆုံစည်းနိုင်ရန် လွန်ခဲ့သော လပိုင်းများကတည်းက ကြိုးစားနေခြင်းဖြစ်ပြီး ယခုသီတင်းပတ် ABC ရုပ်သံနှင့် အင်တာဗျူးတွင် ၎င်း၏ အချက်အလက်များကို ထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

၎င်း၏ဇနီးကို တရုတ်အာဏာပိုင်များက အူဂါဒေသ ရှင်ကျန်းပြည်နယ်တွင် ခေါ်ယူထိန်းသိမ်း စစ်ဆေးခဲ့ပြီးနောက် ပြန်လွှတ်ပေးခဲ့သည်ဟု မူဆာလာက ပြောကြားသည်။

ထို့နောက် ဗုဒ္ဓဟူးနေ့တွင် ဘေဂျင်းရှိ ဩစတြေးလျသံရုံးတာဝန်ရှိသူများက ဝူမေနှင့် လူဖီသားအမိကို ဩစတြေးလျသို့ ထွက်ခွာခွင့်ပြုရန် တရားဝင်တောင်းဆိုခဲ့သည်။

ဖခင်ဖြစ်သူဆာလာမူက ဩစတြေးလျ သံရုံး၏ ဆောင်ရွက်ပေးမှုကို ကျေနပ်မှုရှိသော်လည်း ခင်ပွန်း၊ ဖခင်တစ်ဦးအနေနှင့် ကြည့်လျှင်မူ လုံလောက်မှုမရှိသေးပါဟု ဘီဘီစီသို့ ပြောကြားသည်။

ဆာလာမူက တရုတ်ပြည်တွင် သားဖြစ်သူ ကျန်ရစ်ခဲ့ပါက ထိန်းသိမ်းရေးစခန်းသို့ ရောက်သွားပြီး အခြားမိသားစုက မွေးစားလိုက်မည်ကို စိုးရိမ်နေသည်ဟု ရှင်းပြသည်။

ဆာလာမူသည် ဩစတြေးလျတွင် နေထိုင်ခွင့်ရရှိခဲ့သူဖြစ်ပြီး နှစ်အတန်ကြာ နေထိုင်ခဲ့ပြီးနောက် ငယ်ချစ်ဖြစ်သူဝူမေနှင့် ၂၀၁၆ ခုနှစ်က ရှင်ကျန်းတွင် လက်ထပ်ခဲ့ခြင်းဖြစ်သည်။

ဩစတြေးလျသည် တရုတ်နိုင်ငံတွင် မွတ်ဆလင်အူဂါလူမျိုးများအပေါ် ပြုမူဆက်ဆံပုံကို ပြစ်တင်ဝေဖန်သည့် ပူးတွဲကြေညာချက်ကို ယခင်အပတ်က ထုတ်ပြန်ခဲ့သည့် ၂၂ နိုင်ငံစာရင်းတွင် ပါဝင်သော နိုင်ငံဖြစ်သည်။

ထို့နောက်တွင် မြောက်ကိုရီးယား၊ ရုရှားနှင့် ဆော်ဒီအာရေးဗီးယားအပါအဝင် ပေါက်ဖော်မိတ်ဆွေ ၃၇ နိုင်ငံက တရုတ် နိုင်ငံ၏ ရှင်ကျန်းဆိုင်ရာမူဝါဒများကိုကာကွယ်သည့် စာတစ်စောင်ကို တုံ့ပြန်ထုတ် ပြန်ခဲ့ကြသည်။

ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး မာရီဆီပိန်းက ဝူမေသည် တရုတ်နိုင်ငံသား ဖြစ်သောကြောင့် သံတမန်ဆိုင်ရာတွေ့ဆုံ ခွင့်မရသေးကြောင်း ပြောကြားသည်။ 

F-04