News

POST TYPE

NEWS

ခွေးမျိုးပွားနှုန်း ချိန်ကိုက်ဗုံးကြီးသဖွယ် ကြောက်စရာကောင်းနေဟု ကျန်းမာရေးဝန်ကြီးပြော
18-Jul-2019

နေပြည်တော်၊ ဇူလိုင် ၁၈

မြန်မာနိုင်ငံအနှံ့ရှိ ခွေးလေ၊ ခွေးလွင့်များ၏မျိုးပွားနှုန်းသည် ချိန်ကိုက်ဗုံးကြီးသဖွယ် ကြောက်စရာကောင်းသည့် အခြေအနေကို ရင်ဆိုင်နေရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားလိုက်သည်။

“ပေါက်ဖွားနှုန်းကိုကြည့်လိုက်မယ်ဆိုရင် ကြောက်ခမန်းလိလိ Time Bomb ပေါ့။ ချိန်ကိုက်ဗုံးကြီးနဲ့ တူနေပါတယ်။ ဒီဟာကိုမကိုင်တွယ်ရင် ခွေးက ပေါက်မှာပဲ၊ လေးသန်းနဲ့ နှစ်သန်း ခြောက်သန်းသောခွေးက သားပေါက်မယ်ဆိုရင်”ဟု ၎င်းက ပြောဆိုသည်။

ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရေဦးမဲဆန္ဒနယ်မှ ဒေါက်တာမင်းသိန်းဦးက ခွေးရူးရောဂါ အန္တရာယ်ကင်းဝေးစေရန် အသိပညာပေးခြင်းနှင့် လမ်းဘေးခွေး အပါအဝင် တစ်နိုင်ငံလုံးရှိ ခွေးအားလုံးကို ခွေးရူးရောဂါ ကာကွယ်ဆေးထိုးပေးရန် အစီအစဉ် ရှိ မရှိ မေးမြန်းရာတွင် ဝန်ကြီးက ယင်းသို့ ပြောကြားခြင်းဖြစ်သည်။

တစ်နိုင်ငံလုံးတွင် ပိုင်ရှင်ရှိခွေးလေးသန်းနှင့် ခွေးလေခွေးလွင့် ၂ သန်းကျော် ရှိနေသောကြောင့် ဆေးတစ်လုံးလျှင် ၇၀၀ မှ ၁၀၀၀ ကျပ် အကုန်ကျခံလိုက်ထိုးပါကလည်း မွေးဖွားမှုနှုန်းကို မလျော့နိုင်သောကြောင့် နောင်နှစ်ပေါင်းတစ်ရာအထိလည်း ဆေးထိုးပေးရသည့်ကိစ္စသည် ပြီးစီးမည်မဟုတ်ကြောင်း ဝန်ကြီးက ရှင်းပြသည်။

၂၀၁၆-၁၇ မှစ၍ ခွေးကိုက်ပါက လူကိုကာကွယ်မည့်ဆေး ဝယ်ယူခဲ့ရာ ယခုနှစ်အထိ တစ်နိုင်ငံလုံးအတွက် ကျပ် ၁၅ ဘီလီယံခန့် ကုန်ကျထားပြီးဖြစ်ကြောင်း၊ ယင်းကဲ့သို့ ခွေးများကို ကာကွယ်ဆေး လိုက်ထိုးပေးမည်ဆိုပါက ဘဏ္ဍာငွေသည် ခွေးကြောင့် များစွာ ကုန်ကျမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ 

ခွေးကို ကာကွယ်ဆေးထိုးနိုင်ရေးအတွက် လူအင်အား၊ မေ့ဆေးနှင့် ဖမ်းဆီးပစ္စည်းနှင့် ဆက်စပ်ပစ္စည်းတို့ကြောင့် ထပ်မံ ကုန်ကျမည့်ငွေကို ထည့်တွက်ရမည်ဖြစ်ပြီး ခွေးကို သန္ဓေတားဆေး ထိုးပေးမည်ဆိုပါကလည်း လေးနှစ်ဆက်တိုက်ခန့် နှစ်စဉ်ထိုးပေးမှသာ မျိုးပွားမှုနှုန်း တန့်မည်ဖြစ်ကြောင်း၊ ယင်းအပြင် အထီးတစ်ကောင်ကို သင်းကွပ်မည်ဆိုပါက ကျပ်တစ်သောင်း၊ အမ တစ်ကောင်ကို သားကြောဖြတ်ပါက ကျပ် ၃ သောင်းမှ လေးသောင်းအထိ ကုန်မည်ဖြစ်သောကြောင့် လုပ်ဆောင်ရန်ခက်ခဲကြောင်း ဝန်ကြီးက ဆက်လက်ပြောဆိုသည်။

လက်ရှိတွင် ခွေးကိုက်ခံရမှုနှုန်းသည် တစ်ဖြည်းဖြည်း မြင့်တက်လာပြီး ၂၀၁၇ ခုနှစ်တွင် လူနာ တစ်သိန်းရှစ်သာင်းခန့်၊ ၂၀၁၈ ခုနှစ်တွင် လူနာတစ်သိန်းကိုးသောင်းနှစ်ထောင်ကျော်နှင့် ယခုနှစ် ၆ လကြာကာလအထိ လူဦးရေ ခြောက်သောင်းကျော် ကိုက်ခံရကြောင်း ဝန်ကြီး၏စစ်တမ်းအရ သိရသည်။

ခွေးရူးရောဂါကြောင့် ၂၀၁၈ ခုနှစ်တွင် ၇၁ ဦးသေဆုံးခဲ့ပြီး ၂၀၁၉ တွင် လက်ရှိအချိန်ထိ ၄၁ ဦးသေဆုံးခဲ့ပြီဖြစ်သောကြောင့် ကာကွယ်ဆေးကို ဆက်ဝယ်မည်ဖြစ်ကြောင်း၊ လက်ရှိတွင် မြို့နယ် ၃၃၀ ကို ကာကွယ်ဆေးများ ဖြန့်ဝေထားပြီး ဆေးကို အကြောဆေးအဖြစ်ထိုးရန်လည်း ညွှန်ကြားထားကြောင်း၊ တိုက်နယ်ဆေးရုံများသို့ ကာကွယ်ဆေးမပို့နိုင်သည်မှာ ဆေးသိုလှောင်ရန် အအေးခန်း (ရေခဲသေတ္တာ) အခက်အခဲကြောင့်ဖြစ်ကြောင်း ဝန်ကြီးက ရှင်းပြသည်။

ခွေးကိုက်ခံရမှု များလာသောကြောင့် မေလ ၂၉ ရက်မှစ၍ ခွေးရူးစင်တာများကို ရန်ကုန်ဆေးရုံကြီး၊ မြောက်ဥက္ကလာပ ဆေးရုံကြီး၊ သင်္ကန်းကျွန်းဆေးရုံနှင့် အင်းစိန်ဆေးရုံတို့တွင် ဖွင့်ထားပြီးနောက် တစ်လခွဲအတွင်း ကိုက်ခံရသည့်ဦးရေ ၃၃၂၆ ဦးကို အကြိမ်ပေါင်း တစ်သောင်းကျော် ထိုးပေးခဲ့ရကြောင်း ၎င်းကဆိုသည်။

ခွေးလေခွေးလွင့်နှင့်ပက်သတ်၍ ခွေးချစ်သူများနှင့် ပြဿနာ အနည်းငယ်ရှိသောကြောင့် မျိုးပွားနှုန်းလျော့ချရန် INGO၊ NGO များ အပါအဝင် ပြည်သူလူထု၏ ပူးပေါင်း ဆောင်ရွက်မှု လိုသောကြောင့် စည်းရုံးခြင်း၊ ပညာပေးခြင်းများ ဆက်လက် လုပ်ဆောင်ရမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်လည်း မိမိတို့၏မဲဆန္ဒနယ်မြေတွင် အကြံပြုချက်များ ဆွေးနွေးချက်များရှိပါက ဝန်ကြီးဌာနသို့ အကြံပြုချက်ကိုပေးစေလိုပြီး ယင်းအကြံပြုချက်ကိုလည်း လိုက်နာဆောင်ရွက်ရန် အသင့်ရှိကြောင်း ဝန်ကြီးက ပြောသည်။

လတ်တလောစစ်တမ်းအရ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ပဲခူးတိုင်းတွင် ခွေးကိုက်ခံရမှု အများဆုံးဖြစ်နေကြောင်း ဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။

S-01