News

POST TYPE

NEWS

ကမ္ဘာ့အသည်းရောင်ရောဂါနေ့ အခမ်းအနား ညောင်ဦးတွင်ပြုလုပ်မည်
18-Jul-2019

ရန်ကုန်၊ ဇူလိုင် ၁၈

ကမ္ဘာ့အသည်းရောင်ရောဂါနေ့ အထိမ်းအမှတ် ဟောပြောပွဲကို MyLiv ဖောင်ဒေးရှင်းမှဦးဆောင်၍ ညောင်ဦးမြို့၊ အနော်ရထာခန်းမ၌ ဇူလိုင် ၂၁ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ယင်းဖောင်ဒေးရှင်းထံမှသိရသည်။

အဆိုပါ အခမ်းအနားတွင် မန္တလေးပြည်သူ့ဆေးရုံကြီး အသည်းရောဂါဌာနမှ ဌာနမှူး ပါမောက္ခဒေါက်တာညိုမီခိုင်သန်းလှိုင်က အသည်းခြောက်ရောဂါနှင့် အသည်းကင်ဆာရောဂါအကြောင်းနှင့် ဒေါက်တာကျော်သက်ထွန်း (အသည်းအထူးကု ဆရာဝန်၊ အသည်းရောဂါပညာဌာန၊ မန္တလေးပြည်သူ့ဆေးရုံကြီး) မှ အသည်းရောင် ဘီပိုးနှင့် စီပိုးအကြောင်း ဟောပြောခြင်းတို့ကို ဟောပြောမည်ဖြစ်သည်။

ဟောပြောပွဲ လာရောက်သူများကို အသည်းရောင် ဘီပိုးနှင့် စီပိုး အခမဲ့ စစ်ဆေးခြင်းတို့ကို ပြုလုပ်သွားမည်ဖြစ်ကာ အမှတ်တရ T-Shirt ၊ လက်ဆွဲအိတ်နှင့် အခြားလူသုံးပစ္စည်းများ လက်ဆောင်ပေးခြင်း၊ မုန့်၊ ရေသန့်များ ကျွေးမွေးခြင်း၊ ကံစမ်းမဲများလည်း ပါဝင်ပြီး ကံစမ်းမဲများတွင် ပထမဆု T-Home 40" LED TV၊ ဒုတိယဆု Samsung Refrigerator ၊ တတိယဆု T-Home Washing Machine နှင့် ပန်ကာ၊ အသားကြိတ်စက်၊ ဟင်းချက်အိုးနီ၊ လျှပ်စစ်ထမင်းပေါင်းအိုး၊ လျှပ်စစ်ရေနွေးအိုး၊ ဆံပင်အခြောက်ခံစက်၊ မီးပူ အစရှိသည်တို့ ပါဝင်ကြောင်း သိရသည်။

ယခုအခမ်းအနားကို အသည်းရောဂါအကြောင်း ပြည်သူလူထု ပိုမိုသိနားလည်လာစေရန်နှင့် အသည်းရောဂါမဖြစ်အောင် ကာကွယ်တားဆီးရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း ပရဟိတ လူမှုကျန်းမာရေးအသင်းဖြစ်သည့် MyLiv ဖောင်ဒေးရှင်းက ဆိုသည်။

၂၀၁၉ ခုနှစ် ကမ္ဘာ့အသည်းရောင်ရောဂါနေ့ ဆောင်ပုဒ်မှာ “အသည်းရောင်ရောဂါ ကင်းဝေးဖို့ ရင်းနှီးမြှုပ်နှံဆောင်ရွက်စို့”(Invest in Eliminating Viral Hepatitis) ဖြစ်သည်။