News

POST TYPE

NEWS

ရခိုင်မြောက်ပိုင်း အင်တာနက် ပြန်သုံးစွဲခွင့်ပေးရန် အရေးကြီးအဆို ပြည်သူ့လွှတ်တော် ပယ်ချ
18-Jul-2019
ရန်ကုန်၊ ဇူလိုင် ၁၈

ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ချင်းပြည်နယ် ပလက်ဝဒေသ မြို့နယ်များတွင် အင်တာနက်ဝန်ဆောင်မှုများ ပိတ်ထားခြင်းအပေါ် ပြန်သုံးစွဲခွင့်ပေးရန် အရေးကြီးအဆိုကို ပြည်သူ့လွှတ်တော်တင်သွင်းရာတွင် အဆိုပါ အရေးကြီးအဆိုကို လွှတ်တော်က ပယ်ချလိုက်ကြောင်း ယင်းအဆိုတင်သွင်းခဲ့သည့် ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက The Voice သတင်းစာသို့ ပြောကြားသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မောင်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နှင့် ဘူးသီးတောင် အစရှိသည့် မြို့များနှင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့များတွင် အင်တာနက် ဝန်ဆောင်မှုများဖြတ်တောက်ရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက အော်ပရေတာ အားလုံးကို ဇွန်လ ၂၂ ရက်နေ့က ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

ယင်းသို့ အင်တာနက်ဝန်ဆောင်မှုများ ပိတ်ထားခြင်းကြောင့် ယင်းဒေသများတွင် နေထိုင်သူများ၏ သတင်းအချက်အလက်စီးဆင်းမှု၊ စစ်ဘေးရှောင်အများအပြားရှိနေခြင်း၊ သဘာဝဘေးအန္တရာယ်များရှိနေခြင်းများအတွက် အချိန်နှင့်တပြေးညီ ကူညီထောက်ပံ့မှုများ လုပ်ဆောင်နိုင်ခြင်း မရှိကြသည့် အခြေအနေဖြစ်ပေါ်နေသည့်အတွက် ယင်းအဆိုကို တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း အဆိုတင်သွင်းသူ ဒေါ်ခင်စောဝေက ပြောကြားသည်။

ပြည်သူ့လွှတ်တော်အနေနှင့် နည်းဥပဒေအရ လတ်တလော အခြေအနေမဟုတ်သည့် အကြောင်းပြချက်ဖြင့် ပယ်ချခဲ့ခြင်းဖြစ်ပြီး ယင်းသို့ ပယ်ချခဲ့မှုသည် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ အခွင့်အရေးကို ဆုံးရံှုးသည်ဟု ခံစားရကြောင်း ၎င်းက ဆိုသည်။

“ကျွန်မက ပြည်သူက တင်မြှောက်ထားတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးပါ။ ပြည်သူ့အသံကို လွှတ်တော်ထဲယူသွားရမယ်။ ပြည်သူ့ဆန္ဒကို လွှတ်တော်ထဲစီးဆင်းရမယ်ဆိုတာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးရဲ့တာဝန်ပဲ။ ဒါက သူတို့ တစ်ဖက်သတ်လုပ်ထားတဲ့ အလုပ်တစ်ခုဖြစ်တယ်လို့ ဆရာမတို့ ပြည်သူတွေက မြင်နေကြတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၆ ရက်နေ့က ရခိုင်ပြည်နယ်လွှတ်တော်တွင် ယင်းသို့ အင်တာနက်ဖြတ်တောက်ထားသည့် မြို့နယ်များတွင် အင်တာနက်ပြန်လည် အသုံးပြုခွင့်ရရေး ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်း အရေးကြီးအဆို တင်သွင်းရာတွင် ကန့်ကွက်သူမရှိ အတည်ပြုနိုင်ခဲ့သော်လည်း လက်ရှိအချိန်ထိ ပြည်နယ်လွှတ်တော်၏ ဆုံးဖြတ်ချက်ကို လုပ်ဆောင်ခြင်း မရှိသေးပေ။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့ရှိ တိုက်ပွဲများဖြစ်ပွားနေသည့် မြို့နယ်များကို အင်တာနက် ဝန်ဆောင်မှု ဖြတ်တောက်ထားသည့်အပေါ် အမေရိကန်ပြည်ထောင်စုအနေနှင့် စိုးရိမ်နေပြီး ဝန်ဆောင်မှု ပြန်လည်ရရှိသင့်ကြောင်း မြန်မာနိုင်ငံအခြေစိုက် အမေရိကန်သံရုံးကလည်း ဇူလိုင်လ ၁ ရက်နေ့ကလည်း ထုတ်ပြန်ထားသည်။

အဆိုပါ အင်တာနက်ဖြတ်တောက်မှုအပေါ် အများပြည်သူလုံခြုံရေး တည်ငြိမ် အေးချမ်းမှုအခြေအနေအရ၊ တရားဥပဒေစိုးမိုးမှု မတည်ငြိမ်သည့် အခြေအနေပေါ်မူတည်ပြီး အစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ပြောဆိုထားသည်။

J-08