News

POST TYPE

NEWS

လက်ရှိအစိုးရသက်တမ်းအတွင်း အဂတိလိုက်စားမှုဖြင့် အရေးယူခံရသည့် စည်ပင်ဝန်ထမ်း တစ်ဦးမျှမရှိသေးဟုဆို
17-Jul-2019
ရန်ကုန်၊ ဇူလိုင် ၁၆

လက်ရှိအစိုးရသက်တမ်း သုံးနှစ်ကျော်အတွင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီလက်အောက်ရှိ ဌာနများမှ အဂတိလိုက်စားမှုဖြင့် အရေးယူခံရသော ဝန်ထမ်းတစ်ဦးမျှမရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ဌာနမှူးဖြစ်သူ ဦးကျော်မင်းက ဇူလိုင် ၁၅ ရက်တွင် မြို့တော်ခန်းမ၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အဆိုပါ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများကို ဝန်ထမ်းစည်းမျဉ်း ဥပဒေဖြင့် အရေးယူခဲ့သော စည်ပင်ဝန်ထမ်းများရှိပြီး ယင်းအရေးယူခဲ့သည့် ဝန်ထမ်းအရေအတွက် အတိအကျကို တတိယအကြိမ်မြောက်မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ဖြေကြားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အဂတိလိုက်စားမှုနဲ့ပတ်သက်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က အရေးယူဆောင်ရွက်တာပါ။ အဂတိတိုက်ဖျက်ရေးကော်မရှင်က ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနဲ့ အရေးယူပါလို့ ညွှန်ကြားလာရင် ဝန်ထမ်းစည်းမျဉ်းနဲ့ အရေးယူပါတယ်။ ကျွန်တော်သိသလောက် ဒီအစိုးရသစ် လက်ထက်မှာ စည်ပင်ကဝန်ထမ်းတွေ အဂတိနဲ့ ပတ်သက်လို့ အရေးယူခံရတာ တစ်ယောက်မှ မရှိပါဘူး”ဟု ဦးကျော်မင်းက ဆိုသည်။

ဝန်ထမ်းများအနေနှင့် လုပ်ငန်းခွင်အတွင်းနှင့် တာဝန်ထမ်းဆောင်ချိန်အတွင်း သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ လိုက်နာခြင်းမရှိပါက ယင်း ဝန်ထမ်းများကို နိုင်ငံဝန်ထမ်းဥပဒေ၊ နည်းဥပဒေများဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီနှင့် သက်ဆိုင်သည့် ဝန်ဆောင်မှုလုပ်ငန်းများ၊ ဌာနဆိုင်ရာလုပ်ငန်းများတွင် စည်ပင်ဝန်ထမ်းများအနေနှင့် အခကြေးငွေကောက်ခံမှုများရှိပါက ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။ 

J-10


  • VIA