News

POST TYPE

NEWS

ကွန်ဂရက်လွှတ်တော် အမျိုးသမီးအမတ်လေးဦးအပေါ် အသားအရောင်ခွဲခြားသည့် မှတ်ချက်ကြောင့် သမ္မတထရမ့် ပြင်းထန်စွာဝေဖန်ခံရ
17-Jul-2019


ဝါရှင်တန်၊ ဇူလိုင် ၁၆ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အသားအရောင် ခွဲခြားဆက်ဆံခံခဲ့ရသည့် ကွန်ဂရက်လွှတ်တော်အမျိုးသမီးအမတ်လေးဦးက သမ္မတထရမ့်သည် လူဖြူမျိုးချစ် အာဂျင်ဒါတစ်ရပ်ကို အကောင်အထည်ဖော် မြှင့်တင်နေခြင်းဖြစ်သည်ဟု တုံ့ပြန်ပြောဆိုလိုက်ကြောင်းနှင့် ယင်းကိစ္စအတွက် ရီပတ်ဘလီကန်ပါတီဝင်များကိုယ်တိုင်ပင် ၎င်းကို ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်လျက်ရှိကြောင်း သတင်းဌာနများက ရေးသားဖော်ပြသည်။

ဒီမိုကရက်တစ်ပါတီမှ ကွန်ဂရက် လွှတ်တော်ကိုယ်စားလှယ် အလက်ဇန္ဒား အိုကာစီယိုကောတက်ဇ်၊ အီရန်အိုမာ၊ အာယန်နာပရက်စလေနှင့် ရက်ရှီဒါတဲလစ်တို့သည် သမ္မတထရမ့်၏ အသားအရောင် ခွဲခြားဆက်ဆံ ပြောဆိုခံခဲ့ရပြီးနောက် သတင်းစာရှင်းလင်းပွဲတွင် ထရမ့်၏ လူဖြူ မျိုးချစ်အာဂျင်ဒါကို သတိထားရန် ပြောဆိုသွားသည်။ 

အမေရိကန်ပြည်သူများအနေနှင့် ဒေါ်နယ်ထရမ့်၏ ထောင်ချောက်ထဲသို့ မရောက်သွားရေးအတွက် အထူးသတိထားသင့်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် တိုက်တွန်းပြောကြားသည်။ 

သမ္မတထရမ့်က အဆိုပါအမျိုးသမီး လေးဦးအနေနှင့် အမေရိကန်ပြည်ထောင်စုမှ ထွက်သွားနိုင်ကြောင်း ပြောဆိုခဲ့သည်။ ထရမ့်က ၎င်းတို့လေးဦးအနက် မွတ်စလင် အမျိုးသမီးနှစ်ဦးသည် အယ်လ်ကေဒါ ကဲ့သို့သော အမေရိကန်ရန်သူများကို ချစ်ခင်စုံမက်နေသူများဖြစ်သည်ဟု စွပ်စွဲခဲ့သည်။ 

“Made in America” ဟူသည့် ခေါင်းစဉ်ဖြင့် အိမ်ဖြူတော်တွင်ပြုလုပ်သည့် အခမ်းအနားတစ်ခုတွင် ထရမ့်က “သူတို့ တွေက အကွန့်ပဲတက်နေကြတာ။ သူတို့တွေ ဟာ ကျုပ်တို့တိုင်းပြည်ကို မုန်းတီးတဲ့ သူတွေပဲ”ဟု ဆိုသည်။ ထို့ပြင် “တကယ်လို့ ခင်ဗျားတို့ ဒီနိုင်ငံမှာ မပျော်ဘူးဆိုရင် ခင်ဗျားတို့ ဒီကနေ ထွက်သွားနိုင်တယ်”ဟု ဆိုသည်။ 

ယခုအခါ အမေရိကန်ပြည်သူ အများစုက အဆိုပါမှတ်ချက်စကား များကြောင့် သမ္မတထရမ့်ကို လူမျိုးရေးနှင့် အသားအရောင်ခွဲခြားဆက်ဆံသူတစ်ဦး အဖြစ် သတ်မှတ်ကြမည်ကို စိုးရိမ်ပူပန်ခြင်း ရှိ၊ မရှိ သတင်းထောက်တစ်ဦးကမေးမြန်းရာ ၎င်းက“အဲဒီအတွက် ကျုပ်ကသောက ဖြစ်မနေပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ အမေရိကန်အတော်များများက ကျွန်တော် နဲ့ သဘောထားဆန္ဒချင်း တူကြလို့ပဲ”ဟု ဖြေကြားသည်။ 

ထရမ့်၏ အသားအရောင်ခွဲခြား ပြောဆိုခံခဲ့ရသည့် ကွန်ဂရက်လွှတ်တော် အမျိုးသမီးကိုယ်စားလှယ်လေးဦးကမူ သမ္မတ၏ မှတ်ချက်စကားထက် မူဝါဒကို အာရုံစိုက်သင့်ကြောင်း သတင်းစာရှင်း လင်းပွဲတွင် ပြောကြားသည်။ 

“ဒါဟာ စာနာစိတ်ကင်းမဲ့တဲ့အနေ အထားတစ်ခုကနေ ဖြစ်လာတဲ့ စိတ် အနှောင့်အယှက်ဖြစ်စရာ ကိစ္စတစ်ခု သက်သက်ပါ၊ ဒီအုပ်ချုပ်ရေးအဖွဲ့ရဲ့ အကျင့် ပျက်တဲ့ ယဉ်ကျေးမှုတစ်ခုပါပဲ”ဟု မစ္စ အာယန်နာပရက်စလေက ပြောကြားသည်။ 

သမ္မတထရမ့်သည် မိမိတို့ကို အသံ တိတ်သွားအောင် တစ်ဖက်သတ်ဖိအားပေး ရန် ကြိုးပမ်းခဲ့ကြောင်း၊ မိမိတို့မှာ လူလေးဦး ထက်မကသည့် အင်အားကိုပိုင်ဆိုင်ထား သူများဖြစ်ကြောင်း ၎င်းကပြောသည်။ 

“ကျွန်မတို့အင်အားစုလေးက ကြီးမား ပါတယ်။ ကျွန်မတို့ အင်အားစုလေးထဲမှာ သာတူညီမျှဖြစ်မှု၊ တရားမျှတမှုရှိတဲ့ လောကကို ဖန်တီးတည်ဆောက်ချင်သူတွေ အားလုံးပါဝင်တယ်”ဟု ဆိုသည်။ 

F-01




  • VIA