News

POST TYPE

NEWS

မြို့နယ် ၁၂ ခုတွင် ပိုလီယိုကာကွယ်ဆေး အပိုဆောင်း တိုက်ကျွေးမည်
16-Jul-2019
ရန်ကုန်၊ ဇူလိုင် ၁၆

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် နေထိုင်သည့် ကလေးငယ်တစ်ဦး ယခုနှစ် ဇွန်လ ၂၃ ရက်နေ့က အသွင်ပြောင်း ပိုလီယိုပိုးကူးစက်ခံရသည့်အတွက် ရောဂါကူးစက်ပျံ့နှံ့နိုင်ခြေရှိသည့် မြို့နယ် ၁၂ ခုတွင် ပိုလီယိုကာကွယ်ဆေး အပိုဆောင်း တိုက်ကျွေးမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းထံမှ သိရသည်။

ထို့ကြောင့် ကရင်ပြည်နယ်၊ ဖာပွန် မြို့နယ်ရှိ မွေးကင်းစမှ အသက် ၁၅ နှစ်အထိ ကလေးငယ်များနှင့် ကရင်ပြည်နယ်ရှိ မြို့နယ် ၆ ခု၊ မွန်ပြည်နယ်ရှိ သထုံမြို့နယ်၊ ဘီးလင်းမြို့နယ်၊ ကျိုက်ထိုမြို့နယ်၊ ပဲခူးတိုင်းဒေသကြီးရှိ ကျောက်ကြီးမြို့နယ်နှင့် ရွှေကျင်မြို့နယ်များရှိ မွေးကင်းစမှ အသက် ၅ နှစ်အရွယ် ကလေးများကို ထိုးနှံပေး သွားမည်ဖြစ်ကြောင်း တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းက ထုတ်ပြန်ထားသည်။

အဆိုပါ အပိုဆောင်းတိုက်ကျွေးခြင်းကို ပထမအကြိမ်ဖြင့် ဇူလိုင်လ ၇ ရက်နေ့မှ ၉ ရက်နေ့တွင် တိုက်ကျွေးခဲ့ပြီး ဒုတိယအကြိမ်ဖြင့် ဇူလိုင်လ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိလည်းကောင်း၊ တတိယအကြိမ်ဖြင့် ဩဂုတ်လ ၄ ရက်နေ့မှ ၆ ရက်နေ့အထိလည်းကောင်း တိုက်ကျွေးသွားမည်ဖြစ်ပြီး ပိုလီယိုကာကွယ်ဆေးကို အပိုဆောင်း ၃ ကြိမ် ဆက်တိုက်ဖြင့် တစ်ကြိမ်နှင့် တစ်ကြိမ် နှစ်ပတ်ခြား၍ တိုက်ကျွေးရမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းထံမှ သိရသည်။

ပိုလီယို အကြောသေရောဂါသည် အလွန်ကူးစက်မြန်သောရောဂါဖြစ်ပြီး ပိုလီယိုဗိုင်းရပ်စ် အရိုင်းပိုးအမျိုးအစား ၁၊ ၂၊ ၃ တို့ကြောင့်ဖြစ်ပွားပြီး ပိုလီယို အကြောသေ ရောဂါပိုးကူးစက်ခံနေရသူ အများစုသည် အကြောသေခြင်းမရှိသော်လည်း အခြားသူအား ကူးစက်နိုင်ကြောင်း၊ ရောဂါပိုးကူးစက်ခံရသူ၏ မစင်ဖြင့်ထိတွေ့သော အစားအစာများနှင့် ရေများကို စားသောက်မိခြင်းမှတစ်ဆင့် ကူးစက်ပြန့်ပွားနိုင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါ ရောဂါပိုးကူးစက်ခံထားရသူ ၂၅ ရာခိုင်နှုန်းသည် ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်းစသည့် လက္ခဏာများဖြစ်ပွားပြီး ပိုလီယိုအကြောသေရောဂါဖြစ်ပွားမှုကို ပိုလီယိုအစက်ချ ကာကွယ်ဆေးနှင့် ပိုလီယိုကာကွယ်ဆေးထိုးဆေးများကို ထိုးနှံတိုက်ကျွေးခြင်းဖြင့် ကာကွယ်နိုင်ကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းအနေနှင့် အသက်တစ်နှစ်အောက် ကလေးငယ်များ၏ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် တီဘီဦးနှောက်အမြှေးရောင်ရောဂါ၊ ပိုလီယို အကြောသေရောဂါ၊ ဆုံဆို့နာရောဂါ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ မေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါဘီရောဂါ၊ ဝက်သက်ရောဂါ၊ အဆုတ်ရောင်ရောဂါ၊ ဂျိုက်သိုးရောဂါ၊ ပြင်းထန်ဦးနှောက် အမြှေးရောင်ရောဂါနှင့် ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး စသည့်ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိကြောင်း တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းထံမှ သိရသည်။

J-12