News

POST TYPE

NEWS

ဗိုလ်ချုပ်အောင်ဆန်းရုပ်တု မျက်နှာပိုင်းဆိုင်ရာ ဝေဖန်မှုများ၍ ပြန်ပြင်မည်
16-Jul-2019


မန္တလေး၊ ဇူလိုင် ၁၆

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွာထိုးကြီးမြို့တွင် စိုက်ထူထားရှိမည့် ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ပြုလုပ်ရာတွင် ဗိုလ်ချုပ်မျက်နှာနှင့် မတူညီသည်ဟု ဝေဖန်မှုများထွက်ပေါ်သဖြင့် ပြန်လည်ပြုပြင်မှုများအမြန်ဆုံး ပြုလုပ်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်ရုပ်တု ဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။

“သုံးသပ်ချက်တွေအရ ဆေးရောင်ပေါ်မှာလည်း အနည်းငယ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အကောင်းဆုံးဖြစ်အောင် ပြင်ဆင်သွားမှာပါ”ဟု ယင်းကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ရုပ်တု၏မျက်နှာပိုင်းဆိုင်ရာ လိုအပ်ချက်များကို ပြီးပြည့်စုံသည့် အနေအထားရရှိသည့်တိုင်အောင် ပညာရှင်များနှင့် ကော်မတီအဖွဲ့တို့ ပူးပေါင်းပြီးအမြန်ဆုံးပြုပြင်မှုများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း၊ မိဘပြည်သူများအနေဖြင့်လည်း စိတ်ကျေနပ်စေရမည်ဖြစ်ပြီး ရုပ်တုတည်ဆောက်ရေး ရာနှုန်းပြည့်ပြီးစီးရန် များစွာလိုအပ်နေပါသေးကြောင်း နွားထိုးကြီးမြို့ ဗိုလ်ချုပ်ရုပ်တုဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။

ကော်မတီအနေဖြင့် ရုပ်တုသွန်းလုပ်သည့်နေရာသို့ အကြိမ်များစွာ သွားရောက်စစ်ဆေးအကဲဖြတ်ခဲ့ပြီး တတ်သိပညာရှင်များနှင့်လည်း ပေါင်းစပ်ပြီး အဓိကဆုံးဖြတ်ရမည့်နေရာများဖြစ်သည့် ပထမအဆင့်မြေသားပုံဖော်ပြီးချိန် ဒုတိယအဆင့် အရေးကြီးသည့် ဖယောင်းရုပ်သွင်းပြီးအနေအထားများကို သွားရောက်လေ့လာခဲ့ရာ တူညီမှုရှိသကဲ့သို့ ရုပ်တုတာဝန်ယူဆောက်လုပ်သူများက ဖယောင်းအတိုင်း ထွက်ပေါ်မည်အာမခံသဖြင့် ကြေးသွန်းပြုလုပ်စေခဲ့ကြောင်း၊ ယခုဖြစ်ပေါ်နေသော ရုပ်တုမျက်နှာလွဲမှားနေမှုများသည် ကြေးသွန်းပြီးစီးမှဖြစ်ပေါ်ခြင်းဖြစ်ကြောင်း ယင်းကော်မတီတာဝန်ရှိသူများထံမှ သိရသည်။

ယင်းဗိုလ်ချုပ်အောင်ဆန်းကြေရုပ်တုကို ဇူလိုင်လ ၁၄ ရက်နေ့က မန္တလေးမြို့မှ နွားထိုးကြီးမြို့သို့ သယ်ဆောင်ခဲ့ပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းမျက်နှာနှင့် မတူသဖြင့် လူမှုကွန်ရက်တွင် ဝေဖန်မှုများစွာထွက်ပေါ်ခဲ့သည်။

M-01


  • VIA