News

POST TYPE

NEWS

ရဟန်းတစ်ပါး မောင်းနှင်သောကား ကျောင်းသားအုပ်စုကို ဝင်တိုက် တစ်ဦးသေဆုံး
16-Jul-2019
တောင်ငူ၊ ဇူလိုင် ၁၆

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် သာဂရမြို့ ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ဇူလိုင်လ ၁၅ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်က ရဟန်းတစ်ပါးမောင်းနှင်လာသော မော်တော်ယာဉ် တစ်စင်းသည် ကျောင်းသားအုပ်စုကို ဝင်တိုက်ခဲ့ပြီး ကျောင်းသားတစ်ဦး သေဆုံးကာ သုံးဦးထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သာဂရနယ်မြေရဲစခန်းမှ သိရှိရသည်။

“ကျောင်းထမင်းစားဆင်းချိန် အိမ်ပြန်လာကြတဲ့ကလေးတွေကို ဝင်တိုက်တာပါ။ အခင်းဖြစ်ချိန်တိမ်းရှောင်သွားတဲ့ ယာဉ်မောင်းကိုလည်း ဖမ်းဆီးရမိပါပြီ”ဟု သာဂရနယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ရန်ကုန်-မန္တလေး လမ်းဟောင်းအတိုင်း လယ်ဝေးဘက်မှ ရေတာရှည်ဘက်သို့ သက်တော် ၃၃ နှစ်အရွယ် ဦးပညာဇောတ(ဝါတော် ၁၃ ဝါနှင့် သာသနာဝင်ကတ်ရှိ) မောင်းနှင်လာသော မော်တော်ယာဉ်သည် ရေတာရှည်မြို့နယ် သာဂရမြို့ဒေဝကျေးရွာ ဘုန်းတော်ကြီးကျောင်းရှေ့တွင် ကျောင်းသားအုပ်စုကို ဝင်တိုက်မိခဲ့ခြင်းဖြစ်သည်။

ယာဉ်တိုက်မှုကြောင့် အသက် ၇ နှစ်အရွယ် ပထမတန်းကျောင်းသား မောင်ဖုန်းကျော်မြင့်သေဆုံးပြီး အသက် ၁၃ နှစ်အရွယ် ဆဋ္ဌမတန်းကျောင်သူ မအိအိမွန်၊ အသက် ၁၀ နှစ်အရွယ် တတိယတန်းကျောင်းသား မောင်ဝေထွန်းနှင့် အသက် ၆ နှစ်အရွယ် သူငယ်တန်းကျောင်းသား မောင်မြင့်မြတ်အောင်တို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည့်အနက် နှစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း ရဲတပ်ဖွဲ့၏ ကနဦးစစ်ဆေးချက်များအရ သိရသည်။

အဆိုပါ ယာဉ်မောင်းနင်သူ ဦးပညာဇောတအား သာဂရနယ်မြေရဲစခန်းမှ ယာဉ် (ပ) ၁၆/၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/၃၃၇/၃၃၈/၂၀၂ တို့ဖြင့် အမှုဖွင့်လှစ်ထားသည်။

R-15


  • VIA