News

POST TYPE

NEWS

ပြင်သစ်နိုင်ငံ ဘာဆေးအမျိုးသားနေ့ အခမ်းအနားအပြီး ရှောင်န်အယ်လီဇေ လမ်းမပေါ်တွင် ဆန္ဒပြသူများအား ဖြိုခွဲ
16-Jul-2019


ပဲရစ်၊ ဇူလိုင် ၁၅

ဇူလိုင် ၁၄ ရက် တနင်္ဂနွေနေ့တွင် ကျရောက်သော ပြင်သစ်နိုင်ငံ ဘာဆေး အမျိုးသားနေ့ အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ ပြင်သစ်သမ္မတ မက်ခရွန်နှင့် အခြား ဥရောပခေါင်းဆောင်များ တက်ရောက်ခဲ့ကြပြီးနောက် နာရီပိုင်းအကြာတွင် မြို့လယ် ရှောင်န်အယ်လီဇေ လမ်းမကြီးပေါ်တွင် ဆန္ဒပြသူများအား ပြင်သစ်ရဲများက မျက်ရည်ယိုဓာတ်ငွေ့များ အသုံးပြု၍ ဖြိုခွဲခဲ့သည်ဟု CNA သတင်းတွင် ဖော်ပြထားသည်။

အမျိုးသားနေ့ အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားအပြီးတွင် ပဲရစ်မြို့လယ် ရှောင်န်အယ်လီဇေရိပ်သာလမ်းမကြီးကို အများပြည်သူသွားလာရန် ပြန်ဖွင့်ပေးလိုက်သည့်အချိန်တွင် အောက်ခြေအလွှာ စွပ်ကျယ်ဝါလှုပ်ရှားမှုမှ ဆန္ဒပြသူ ရာဂဏန်းက လမ်းလုံးပြည့် နေရာယူကာ ဆန္ဒပြရန် ကြိုးစားခဲ့ကြသည်။

မျက်နှာအုပ်ထားသော ခေါင်းစွပ် အင်္ကျီဝတ်ဆင်ထားကာ သံဆူးကြိုး အတားအဆီးများ၊ အမှိုက်ပုံးများ၊ အခြား အမှိုက်သရိုက်များဖြင့် လမ်းမကြီးကို ပိတ်ဆို့ရန် ကြိုးစားခဲ့ကြသည့် ဆန္ဒပြသူများအား ဖြိုခွဲရန်အတွက် ရဲများက မျက်ရည်ယိုဓာတ်ငွေ့များ အသုံးပြုနေပုံကို ပြင်သစ် BFM ရုပ်သံက ထုတ်လွှင့်ပြသခဲ့သည်။

ဆန္ဒပြသူများနှင့် ရဲများအကြားမှ ရုန်းရင်းဆန်ခတ်ဖြစ်စဉ်တွင် ကျယ်လောင်သော ပေါက်ကွဲသံများကိုလည်း ကြားနေရသည်။ ဆန္ဒပြသူများက ရဲများကို အော်ဟစ် ဆဲဆိုကာ လက်ထဲတွင်ရှိသော အရာဝတ္ထုများဖြင့် ပစ်ပေါက်ခဲ့ကြပြီး အမှိုက်ပုံးများကိုလည်း လမ်းပေါ်တွင် မီးရှို့ခဲ့ကြသည်။

မြို့တော်လုံခြုံရေးအတွက် အဆင်သင့် ဖြန့်ကြက်ချထားသော ရဲများက အဓိကရုဏ်းဖြစ်စဉ်ကို ချက်ချင်းပင် ကိုင်တွယ်နိုင်ခဲ့သော်လည်း ပြဿနာအနည်းငယ်ရှိခဲ့သည်။

ထို့နောက်တွင် ရှောင်န်အယ်လီဇေ လမ်းမပေါ်တွင် ပိတ်ဆို့ကာ ဆန္ဒပြရန် ကြိုးစားခဲ့သော စွပ်ကျယ်ဝါဆန္ဒပြသူ ၁၅၂ ဦးနှင့် ၎င်းတို့၏ ခေါင်းဆောင်နှစ်ဦးအား ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု ပြင်သစ်ရဲဌာနနှင့် တရားရေးဌာန သတင်းရင်းမြစ်များက ပြောကြားသည်။

အမျိုးသားနေ့ အခမ်းအနားကို အသုံးချကာ သမ္မတမက်ခရွန်အပေါ် ကန့်ကွက်ဆန္ဒပြမှုများ ပြန်လည်စတင်ကြရန် စွပ်ကျယ်ဝါ လှုပ်ရှားသူများအကြား စည်းရုံးမှုကို လူမှုကွန်ရက်တွင် လှုံ့ဆော်ခဲ့ခြင်းဖြစ်သည်။

ပြင်သစ်အမျိုးသားနေ့တွင် ဆန္ဒပြရန် ကြိုးစားခဲ့ကြသော စွပ်ကျယ်ဝါ လှုပ်ရှားသူများအနက် အမှန်တကယ် လက်ဝဲစွန်းလှုပ်ရှားသူများအပြင် အခွင့်ကောင်းယူကာ ပြဿနာရှာသူများ ပါဝင်သလားဆိုသည်ကိုမူ အတိအကျပြောဆိုရန် ခက်သည်ဟု သိရသည်။ 

F-04


  • VIA