News

POST TYPE

NEWS

ဥပဒေကြမ်းကိစ္စပြီးသော်လည်း ဟောင်ကောင်တွင် လူထောင်ပေါင်းများစွာ ထပ်မံဆန္ဒပြ၊ လွတ်လပ်ခွင့်ပိုပေးရန် တောင်းဆို
15-Jul-2019

ဟောင်ကောင်၊ ဇူလိုင် ၁၅

ဟောင်ကောင်တွင် အုပ်ချုပ်ရေးမှူး ကာရီလမ်က အငြင်းပွားဖွယ် တရားခံလွှဲပြောင်းရေးဥပဒေကိစ္စ လုံးဝပြီးဆုံးသွားပြီဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုထားသည့်တိုင် ထောင်ပေါင်းများစွာသော ဆန္ဒပြသူများက လမ်းမပေါ်သို့ ထပ်မံထွက်လာကြပြီး ဟောင်ကောင်အစိုးရဆန့်ကျင်ရေး မြှင့်တင်လိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။

ယခုတစ်ကြိမ် ဆန္ဒပြရာတွင် ရှာတင်ရပ်ကွက်၌ ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူ အနည်းငယ် ထိပ်တိုက်တွေ့ကာ အချင်းများခဲ့ကြသည်။

လနှင့်ချီ၍ ကြာမြင့်ခဲ့သော ဟောင်ကောင်ဆန္ဒပြမှုများသည် ပြည်မကြီးသို့ တရားခံလွှဲပြောင်းပေးရေးဆိုင်ရာ ဥပဒေကြမ်းဖျက်သိမ်းရေးအတွက် အဓိကဦးတည်ခဲ့သည်။ သို့သော် ယခုအခါတွင်မူ တောင်းဆိုမှုများမှာ ပိုမိုကျယ်ပြန့်လာပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ထိထိရောက်ရောက်လုပ်ကိုင်ရန် တောင်းဆိုကြခြင်းဖြစ်သည်။

ဆန္ဒပြသူများက ဟောင်ကောင်၏ လွတ်လပ်ခွင့်သည် တဖြည်းဖြည်းချင်း ကျဉ်းမြောင်းလာသည့်အတွက် စိုးရိမ်လျက်ရှိသည်ဟု ဆိုကြသည်။

ယခင်ဗြိတိသျှကိုလိုနီဖြစ်ခဲ့သော ဟောင်ကောင်သည် တရုတ်ပြည်မကြီး လက်အောက်တွင်ရှိသော်လည်း တစ်နိုင်ငံ စနစ်နှစ်မျိုးပုံစံဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် အထိုက်အလျောက် ရရှိထားသည့်ဒေသဖြစ်သည်။ ဟောင်ကောင်တွင် ကိုယ်ပိုင်တရားစီရင်ရေးစနစ်၊ ပြည်မကြီးနှင့်မတူညီသော တရားဥပဒေစနစ်တို့ရှိသည်။

ယခုလို ဟောင်ကောင်၌ ဆန္ဒပြပွဲများ အဆက်မပြတ်ဖြစ်ပေါ်ခဲ့ပြီးနောက် ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်က ရာထူးမှနုတ်ထွက်ရန် အကြိမ်ကြိမ် အခါခါ ပြောဆိုခဲ့သော်လည်း တရုတ်ပြည်မကြီး အစိုးရက ပယ်ချခဲ့သည်ဟု Financial Times သတင်းစာက ဖော်ပြသည်။

“ကာရီလမ်အနေနှင့် သူမဖန်တီးခဲ့သည့် အရှုပ်တော်ပုံကြီးကို သူမကိုယ်တိုင် ရှင်းထုတ်ရမည်ဟု တရုတ်ပြည်မကြီးအစိုးရက သူမ၏နုတ်ထွက်စာအပေါ် တုံ့ပြန်ခဲ့သည်”ဟု သတင်းရင်းမြစ်တစ်ခု၏ ပြောဆိုချက်ကို ယင်းသတင်းစာက ကိုးကားဖော်ပြထားသည်။

နောက်ဆုံးဖြစ်ပေါ်ခဲ့သည့် ဆန္ဒပြပွဲကြီးတွင် အချို့က မစ္စကာရီလမ်အနေနှင့် ရာထူးမှနုတ်ထွက်ပေးရန် တောင်းဆိုကြပြီး အချို့ကမူ ဟောင်ကောင်ဒေသ လုံးဝ လွတ်လပ်ရေးပေးရန် တောင်းဆိုကြသည်။

“ဆန္ဒပြနေရတာ ကျွန်တော် မမောပန်းပါဘူး၊ ကျွန်တော်တို့ရဲ့အခွင့်အရေးအတွက် ကျွန်တော်တို့ တိုက်ပွဲဝင်ရမှာပါပဲ”ဟု အသက် ၂၅ နှစ်အရွယ် ဆန္ဒပြလူငယ်တစ်ဦးက South China Morning Post သို့ ပြောကြားသည်။

F-01