News

POST TYPE

NEWS

စည်ပင်ပိုင်မြေငှားခကို အမြင့်ဆုံး ခြောက်ဆအထိ တိုးကောက်မည်
15-Jul-2019
တောင်ငူ၊ ဇူလိုင် ၁၅

ပဲခူးမြို့နယ်စည်ပင်ပိုင် မြေငှားခနှုန်းထားများကို စက်တင်ဘာလကုန်မှစကာ လက်ရှိကောက်ခံနေသည့် ဈေးနှုန်းများထက် အမြင့်ဆုံး ၆ ဆခန့်အထိ တိုးကောက်မည်ဖြစ်ကြောင်း ပဲခူးမြို့နယ်စည်ပင်ကော်မတီထံမှသိရှိရသည်။

ယင်းကော်မတီဥက္ကဋ္ဌ ဒေါက်တာအောင်ခင်က “ခေတ်စနစ်အခြေအနေအရ တိုးကောက်ဖို့ ပြင်ဆင်လိုက်တဲ့သဘောပါ။ မြို့လယ်ကောင် မြေငှားရမ်းခနဲ့ လမ်းကြိုလမ်းကြား ငှားရမ်းခတော့ တူမှာမဟုတ်ပါဘူး။ အနိမ့်ဆုံး ၃ ဆကနေ ၆ ဆ ကောက်ခံမယ်ဆိုပေမယ့် ပုဂ္ဂလိကပေါက်နေတဲ့ ဈေးထက်တော့ အများကြီးလျော့နည်းမှာ”ဟု ပြောကြားသည်။

ပဲခူးမြို့နယ်စည်ပင်ပိုင် မြေငှားရမ်းခနှုန်းထားများ ပြင်ဆင်သတ်မှတ်ကောက်ခံနိုင်ရေး ပြီးခဲ့သည့်ရက်ပိုင်းကလည်း လက်ရှိ ငှားရမ်းနေထိုင်လုပ်ကိုင်နေသူများကို ဆွေးနွေးရှင်းလင်းခဲ့ပြီး မြို့ပေါ်ရပ်ကွက်များတွင် စည်ပင်ပိုင်မြေ ၆၉ ဧကရှိနေကြောင်း စည်ပင်ထံမှ သိရှိရသည်။

စည်ပင်ကော်မတီဝင်တစ်ဦးက “မြေငှားရမ်းခ တိုးမယ်ဆိုတာကလည်း အရင်တစ်စတုရန်းပေကို တစ်ကျပ်၊ တစ်ကျပ်ခွဲကနေ သုံးကျပ်လောက်ပဲရှိတာပါ။ ဒါကို မြေနေရာကိုလိုက်ပြီး သုံးဆကနေ ခြောက်ဆတိုးကောက်ခံမယ့် အနေအထားပါ။ တိုးကောက်တဲ့ငွေကြေးကလည်း မြို့ရဲ့လမ်းတံတား တည်ဆောက်ရေးတွေမှာ ပြန်ဝင်သွားမှာပါ”ဟု ပြောကြားသည်။

ယခင်အစိုးရ အဆက်ဆက်က မြေယာငှားရမ်းထားသည့်ငွေကြေးပမာဏများသည် မျှတမှုမရှိခဲ့ဟုယူဆပြီး လက်ရှိတိုးမြှင့်ကောက်ခံမည့် ငွေကြေးနှုန်းထားသည် အတိုင်းအတာတစ်ခုထိ မျှတသည်ဟုယူဆကြောင်း ပဲခူးတိုင်း NGO တစ်ခုမှ ဒုတိယဥက္ကဋ္ဌဟောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

ပဲခူးမြို့နယ် စည်ပင်ပိုင်မြေများအနက် ရှင်စောပုရပ်တွင် ၂၀ ဦး၊ ဈေးပိုင်းရပ်တွင် ၂၅ ဦး၊ ဇိုင်ဂနိုင်းမြောက်ပိုင်းရပ်တွင် ၁၅၂ ဦး၊ မဇင်းရပ်တွင် ၈၉ ဦး၊ ကျွန်းသာယာရပ်တွင် ၇၂ ဦးနှင့် ဌာနဆိုင်ရာများနှင့်ပေါင်းပါက ၃၆၄ ဦးကို မြေအငှားချထားပေးခြင်းဖြစ်ကာ တိုးမြှင့်ကောက်ခံမည့် မြေငှားခများသည် စက်တင်ဘာလ ၃၁ ရက်တွင် အသက်ဝင်မည်ဖြစ်သည်။

R-15