News

POST TYPE

NEWS

ခြေ/ဥပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာ တပ်မတော်ကန့်ကွက်
15-Jul-2019

နေပြည်တော်၊ ဇူလိုင် ၁၅

အခြေခံဥပဒေပြင်ဆင်ရေးအတွက် ၅ လကြာ စိစစ်ရေးဆွဲတင်ပြလာသော အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာသည် ပြင်ဆင်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှုမရှိကြောင်း တပ်မတော်က မှတ်ချက်ပြု၍ ကန့်ကွက်လိုက်သည်။

ယင်းအစီရင်ခံစာကို ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်သို့ ပူးပေါင်းကော်မတီကတင်ပြခဲ့ခြင်းဖြစ်ပြီး တော်မတော်က သဘောထားမှတ်ချက် ပြုလိုက်ခြင်းဖြစ်သည်။

တပ်မတော်၏ သဘောထားမှတ်ချက်စုစုပေါင်း ၃ ချက်ကို ပူးပေါင်းကော်မတီက အစီရင်ခံစာ၏ နောက်ဆုံးစာ မျက်နှာတွင် ပူးတွဲတင်ပြထားသည်ကို တွေ့ရသည်။

၎င်းတို့၏ သဘောထားမှတ်ချက်တွင် ပြင်ဆင်ရေးအတွက် ကော်မတီဖွဲ့စည်းစဉ်ကပင် အခြေခံဥပဒေပါ အခန်း ၁၂ နှင့် ကိုက်ညီခြင်းမရှိသောကြောင့် အဆိုတင်သွင်းစဉ်ကပင် ကန့်ကွက်ခဲ့ကြောင်း၊ သို့သော်မဲခွဲအတည်ပြုခဲ့သောကြောင့် လွှတ်တော်၏ဆုံးဖြတ်ချက်ကို လေးစားလိုက်နာသောအားဖြင့် ကော်မတီတွင် ပူးပေါင်းပါဝင်ခဲ့ရကြောင်း၊ ကော်မတီ အစည်းအဝေးများကို တပ်မတော်သားအစုအဖွဲ့ ကိုယ်စားလှယ်တို့က တက်ရောက်ခဲ့သော်လည်း ပြင်ဆင်ရန် အဆိုပြုချက်တင်သွင်းခြင်း၊ သဘောထားမှတ်ချက်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ခြင်းမရှိခဲ့ ကြောင်း၊ ထို့ကြောင့် ယခုအစီရင်ခံစာတင်သွင်းခြင်းသည်လည်း ပြင်ဆင်ရေးဆိုင်ရာ ပြဌာန်းချက်နှင့် ကိုက်ညီမှုမရှိကြောင်း တင်ပြထားသည်ကို တွေ့ရသည်။

အဆိုပါအစီရင်ခံစာကို ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဇူလိုင်လ ၂၂ ရက်နေ့ ညနေ လေးနာရီနောက်ဆုံးထား၍ အမည်စာရင်းပေးသွင်းရန် လွှတ်တော်နာယက ဦးတီခွန်မြတ်က ကြေညာလိုက်သည်။ အခြေခံဥပဒေပါ ပြဌာန်းချက်ဖြစ်သည့် အခန်း (၁) မှ အခန်း (၁၅) အထိ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် ပယ်ဖျက်ရန် အကြံပြုချက်များကို လွှတ်တော်တွင်းရောက်ရှိနေသည့် ပါတီများမှ ကိုယ်စားလှယ်များ၊တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များက အချက်ပေါင်း ၃၇၆၅ ချက်ကို အစီရင်ခံစာ၏နောက်ဆက်တွဲဇယားဖြင့် တင်သွင်းထားခြင်း ဖြစ်သည်။

S-01