POST TYPE

NEWS

ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်ပွဲတော် တစ်လကျော်ကြာ ကျင်းပမည်
12-Jul-2019

ရန်ကုန်၊ ဇူလိုင် ၁၁

ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့် ပွဲတော်ကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလဆန်းမှစ၍ တစ်လကျော်ကြာ ကျင်းပမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

ရာပြည့်ပွဲတော်ကျင်းပရေးလုပ်ငန်း စဉ်များညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၁၀ ရက်က နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန စုဝေးခန်းမတွင်ပြုလုပ်ခဲ့ပြီး အတိုင်ပင်ခံလည်း တက်ရောက်ခဲ့သည်။

ရာပြည့်ပွဲတော်တွင် ကျောင်းသား ဟောင်းများပြန်လည်တွေ့ဆုံခြင်းများ၊ အငြိမ်းစားဆရာများကို ကန်တော့ခြင်း၊ ဘာသာရပ်ဆိုင်ရာ စာတမ်းဖတ်ကြားခြင်း၊ တက္ကသိုလ်သမိုင်းပြုစုထုတ်ဝေခြင်း၊ ရှေးဟောင်းရုပ်ရှင်များပြသခြင်း စသည့် အစီအစဉ်များ ပါဝင်မည်ဖြစ်သည်။

ရန်ကုန်တက္ကသိုလ်သည် မြန်မာ့ ပထမဆုံးတက္ကသိုလ်ဖြစ်သကဲ့သို့ ပညာရေးအဆင့်အတန်း မြင့်မြင့်မားမားပေးနိုင်ခဲ့၍ ယခင်တစ်ချိန်က မြန်မာနိုင်ငံသားများ ဂုဏ်ယူခဲ့ရသည့် တက္ကသိုလ်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ 

“ဒီလိုပဲ ရန်ကုန်တက္ကသိုလ်ဟာ ဒီကနေ့အချိန်အခါမှာ ကမ္ဘာပေါ်မှာ အကောင်းဆုံးတက္ကသိုလ်တစ်ခု ပြန်လည်ဖြစ်ဖို့ကို ကျွန်မတို့အနေနဲ့ မျှော်မှန်းပါတယ်”ဟု ၎င်းက ပြောကြားသည်။

တက္ကသိုလ်ရာပြည့်ပွဲတော်တွင် ကျောင်းသားဟောင်းများနှင့် လက်ရှိ ကျောင်းသားသစ်များပေါင်း၍ ယခင်၊ ယခုအခြေအနေများကို မျှဝေပေးနိုင်မည့် စကားဝိုင်းအစီအစဉ်များကိုလည်း ထည့်သွင်းစေလိုကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် ရန်ကုန်တက္ကသိုလ်အဆင့်မြှင့်တင်ရေးနှင့် ပြန်လည်ပြုပြင်ရေး လုပ်ငန်းစဉ်များ၊ ပညာရေးအရည်အသွေးမြှင့်တင်ရေးနှင့် ဆရာအရည်အသွေးမြှင့်တင်ရေး ကိစ္စများကိုလည်း အတိုင်ပင်ခံက ထည့်သွင်းပြောကြားခဲ့သေးသည်။

ကိုလိုနီခေတ် ၁၉၂၀၊ ဒီဇင်ဘာ ၁ ရက်တွင် တည်ထောင်ဖွင့်လှစ်ခဲ့သော သမိုင်းအစဉ်အလာကြီးသည့် ရန်ကုန်တက္ကသိုလ်သည် လာမည့် ၂၀၂၀ ဒီဇင်ဘာတွင် နှစ် ၁၀၀ ပြည့်မည်ဖြစ်သည်။ 

ကျော်ဖြိုး