News

POST TYPE

NEWS

H1N1 ကြောင့် သေဆုံးသူ ၃၇ ဦးအထိရောက်ရှိ
11-Jul-2019

ရန်ကုန်၊ ဇူလိုင် ၁၁

ရာသီတုပ်ကွေးရောဂါ (H1N1) ကြောင့် သေဆုံးသူဦးရေသည် ဇူလိုင်လ ၁၀ ရက်နေ့အထိ ၃၇ သို့ ရောက်ရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ယခုနှစ် သေဆုံးသူဦးရေသည် ၂၀၁၇ ခုနှစ် တစ်နှစ်လုံး သေဆုံးသူဦးရေနီးပါးသို့ ရောက်ရှိလာပြီဖြစ်ပြီး ၂၀၁၇ ခုနှစ်က H1N1 ဖြစ်ပွားသူ ၃၉၉ ဦးတွင် ၃၈ ဦးသေဆုံးခဲ့ခြင်းဖြစ်ဖြစ်သော်လည်း ယခုနှစ်တွင် ဖြစ်ပွားသူ ၁၉၅ ဦးတွင် သေဆုံးသူ ၃၇ ဦးရှိလာခဲ့ခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

ယခုနှစ်အတွင်း H1N1 ဖြစ်ပွားရောဂါကို ဇန်နဝါရီလက ၁ ဦးစတင်တွေ့ရှိခဲ့ပြီး မေလအတွင်းက တစ်ဦးစတင်သေဆုံးခဲ့ကြောင်း၊ ထို့နောက် ဇွန်လ တစ်လအတွင်း သေဆုံးသူ ၂၅ ဦးအထိမြင့်တက်လာခဲ့ပြီး ဇူလိုင်လ ၁၀ ရက်အတွင်း သေဆုံးသူမှာ ၁၁ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သေဆုံးသူစာရင်းအရ သိရသည်။

သို့သော်ထိုသို့သေဆုံးမှုများ ဖြစ်ပေါ်နေသော်လည်း ကပ်ရောဂါအသွင်ဖြစ်ပေါ်နေခြင်းမဟုတ်ဟု ယင်းဝန်ကြီးဌာနက ငြင်းဆိုထားသည်။

ယခုနှစ်အတွင်း ထိုရောဂါကြောင့် သေဆုံးသူဦးရေသည် ဆက်တိုက်မြင့်တက်လာခြင်းဖြစ်ပြီး ဇူလိုင်လ ၈ ရက်နေ့က ၃၁ ဦးမှ ဇူလိုင် ၉ ရက်နေ့တွင် ၃၄ ဦး၊ ဇူလိုင် ၁၀ ရက်နေ့တွင် ၃၇ ဦးအထိဖြစ်လာခဲ့ခြင်းဖြစ်သည်။

ရာသီတုပ်ကွေးရောဂါ H1N1 ကို ၂၀၁၇ ခုနှစ်က ဇွန်လတတိယအပတ်အတွင်းကမှ စတင်တွေ့ရှိခဲ့ခြင်းဖြစ်သော်လည်း ယခုနှစ်တွင် ဇန်နဝါရီလက စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော် ပြည်သူလူထုက ယင်းရောဂါဖြစ်ပွားနေခြင်းကို ဇွန်လလယ်ကမှ နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ လူမှုကွန်ရက်တွင်ဖော်ပြထားသည့် ဓာတ်ပုံများကြောင့် စတင်သိရှိခဲ့ရခြင်းဖြစ်သည်။

လက်ရှိ H1N1 ဖြစ်ပွား၊ သေဆုံးမှုအခြေအနေများနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန သတင်းနှင့် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဒေါက်တာ ဖြူဖြူအောင်ကို The Voice သတင်းစာ၏ ဆက်သွယ်မေးမြန်းမှုရာ “Data တွေဆိုရင်တော့ ဝက်ဘ်ဆိုက်နဲ့ ဖေ့စ်ဘုတ်ပေ့ဂ်ျမှာကြည့်ပါနော်။ ပညာပေးအကြောင်းဆိုရင်တော့ အစ်မကို မေးပါ။ ကျန်တာကတော့ အစ်မဖြေလို့မရဘူး”ဟု ပြန်လည်ဖြေကြားသည်။

ယခုလက်ရှိ H1N1 ဖြစ်ပွားသူ ၁၉၅ ဦးတွင် ရန်ကုန်တိုင်းက ၂၉ ဦးဖြင့် သေဆုံးသူအများဆုံးဖြစ်ပြီး ဧရာဝတီတိုင်းက ၃ ဦး၊ ပဲခူးတိုင်းက ၂ ဦး၊ စစ်ကိုင်းတိုင်းက ၂ ဦး၊ မွန်ပြည်နယ်က ၁ ဦးတို့ဖြင့် စုစုပေါင်း ၃၇ ဦးသေဆုံးပြီးဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည်။

S-04