News

POST TYPE

NEWS

ဒုတိယတန်းကျောင်းသူကို ပထွေးက အဓမ္မပြုရန်ကြံစည်
11-Jul-2019

တောင်ငူ၊ ဇူလိုင် ၁၁

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်ဆွာမြို့ငါးကြီးကွေ့ ကျေးရွာအုပ်စုအတွင်းတွင် အသက် ၇ နှစ်အရွယ် ဒုတိယတန်းကျောင်းသူကို ပထွေးဖြစ်သူက အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့သည့်အတွက် ဇူလိုင် ၁၀ ရက်နေ့တွင် အမှုဖွင့်အရေးယူထားကြောင်း ဆွာမြို့နယ်ရဲစခန်းမှ သိရသည်။

“မယားပါသမီးကို ပါးစပ်ပိတ်ပြီး အဓမ္မပြုကျင့်ဖို့ကြံစည်ချိန် ကလေးက လက်ကိုကိုက်တယ်။ အသံတွေထွက်လာတော့ ကလေးအမေ နိုးလာတယ်။ နောက်တစ်ရက်မှာ ကလေးကို မေးမှ မုဒိမ်းကျင့်ဖို့ကြံစည်တာသိရတာ”ဟု ကလေးမိခင်၏ ပြောဆိုချက်ကိုးကားကာ ဆွာနယ်မြေရဲစခန်မှ ရဲအရာရှိတစ်ဦးက ဆိုသည်။

ရေတာရှည်မြို့နယ် ဆွာမြို့ ငါးကြီးကွေ့ ကျေးရွာအုပ်စုရှိ နေအိမ်တစ်အိမ်တွင် ဇူလိုင်လ ၈ ရက်နေ့ ည ၁၀ နာရီကျော်ခန့်က အသက်၂၉ နှစ်အရွယ် မိခင်ဖြစ်သူသည် သမီးနှစ်ဦးနှင့် အိပ်ပျော်နေစဉ် ပထမအိမ်ထောင်နှင့် ရရှိထားသည့် အသက် ၇ နှစ်အရွယ် သမီးဖြစ်သူကို သိုင်းချစ် (ခ) ကံကောင်း (၂၉ နှစ်) က အဓမ္မပြုကျင့်ရန် ကြံစီအားထုတ်ခဲ့ခြင်းဖြစ်ကြောင်း ဆွာနယ်မြေရဲစခန်းမှ သိရသည်။

အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့သည့်ဟု စွပ်စွဲထားသော သိုင်းချစ် (ခ) ကံကောင်းကို ဆွာနယ်မြေရဲစခန်းမှ (ပ) ၁၂၄ /၂၀၁၉ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၇၆/၅၁၁ ဖြင့် ဖမ်းဆီးကာ အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။

R-15