News

POST TYPE

NEWS

မြိတ်တွင် Victoria အမှုမှန်ပေါ်ပေါက်ရေးတောင်းဆိုသည့် စက်ဘီးစီးလှုပ်ရှားမှုပြုလုပ်
08-Jul-2019


မြိတ်၊ ဇူလိုင် ၈

လတ်တလောဖြစ်ပေါ်နေသည့် နေပြည်တော်ရှိ Wisdom Hill မူကြိုကျောင်းမှ မူကြိုကျောင်းသူ Victoria အမှု အမှုမှန်ပေါ်ပေါက်ရေးအတွက် တောင်းဆိုသည့် စက်ဘီးစီးလှုပ်ရှားမှုတစ်ခုကို ဇူလိုင်လ ၇ ရက်က မြိတ်မြို့တွင် ပြုလုပ်ခဲ့သည်။

ယင်းလှုပ်ရှားမှုကို Mergui Archipelago Bike Club-MABC (မြိတ်စက်ဘီးစီးအသင်း) က ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Justice for Victoria ၊ We Want Justice ၊ Safe Environment for Every Children ၊ No More Victoria ၊ Failed Law ၊ Above the Law ၊ RIP CID စသည့် စာသားများပါဝင်သည့် အဖြူရောင်အင်္ကျီများဝတ်ဆင်ကာ မြို့ပတ်စက်ဘီးစီးခဲ့ကြသည်။

“ဖြစ်နေတဲ့ပြဿနာကို ရင်ဘတ်ချင်းတူ ခံစားပေးတဲ့အနေနဲ့ ဆောင်ရွက်တာပါ”ဟု MABC အတွင်းရေးမှူး ဦးစည်သာလင်းက ပြောသည်။

ယင်းလှုပ်ရှားမှုတွင် မြိတ်စက်ဘီးစီးအသင်းဝင် ငါးဆယ်ဦးခန့် လိုက်ပါခဲ့ကြောင်း MABC ထံမှ သိရသည်။

Dawei Watch