News

POST TYPE

NEWS

ဟင်္သာတရှိ ဦးကြင်အေး မိဘမဲ့ကလေးဂေဟာတွင် ကလေးဦးရေ ၁၅၀ အထိ လက်ခံမည်
04-Jul-2019

ဟင်္သာတ၊ ဇူလိုင် ၄

ဟင်္သာတမြို့ ညောင်ပင်ရပ် ရွှေဝါထွန်းလမ်းတွင် တည်ဆောက်ဖွင့်လှစ်ထားသည့် ဦးကြင်အေး မိဘမဲ့ကလေးစောင့်ရှောက်ရေးဂေဟာတွင် ကလေးငယ် ၁၅၀ ဦးအထိ လက်ခံစောင့်ရှောက်၍ ပညာသင်ကြားပေးမည်ဖြစ်ကြောင်း အသက် ၉၁ နှစ်အရွယ် အလှူရှင် ဦးကြင်အေးက ပြောကြားသည်။

အဆိုပါဂေဟာကို ၂၀၁၆ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး ဦးကြင်အေးတို့ ဇနီးမောင်နှံက ကျပ်သိန်းပေါင်းသုံးထောင်ကျော် အကုန်အကျခံ တည်ဆောက်လှူဒါန်းထားခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြပြောဆိုသည်။

“မွေးကျွေးစရိတ်က ကလေးတစ်ဦးအတွက် တစ်ရက်စာ နှစ်ထောင်ကျပ်ဖြစ်တယ်။ မနက် ၆ နာရီတစ်ကြိမ်၊ နေ့လယ် ၁၁နာရီ တစ်ကြိမ်၊ ညနေ ၅ နာရီတစ်ကြိမ် ကျွေးရတယ်။ အဓိကလိုအပ်ချက်ရှိနေတာက ကလေးတွေရဲ့ ကျွေးမွေးစရိတ်ပါ။ လတ်တလောတော့ ကလေးငယ် ၅၀ လောက် စပြီးလက်ခံမယ်”ဟု ဂေဟာ၏ အလုပ်အမှုဆောင်ကော်မတီ ဥက္ကဋ္ဌ ဦးထက်ဝေဖြိုးက ပြောဆိုသည်။ 

မိဘမဲ့ကလေးများကို အစားအသောက် ကျွေးမွေးရာတွင် အလှူရှင်ရှိသည့်နေ့ရက်များ၌ အသားဟင်းနှင့် အရည်သောက်ဟင်းများ ပါဝင်သော်လည်း အလှူရှင်မရှိသည့် နေ့ရက်များတွင်မူ ဘဲဥ၊ ကြက်ဥများ ကြော်ချက်၍ ကျွေးမွေးရကြောင်း၊ လတ်တလောတွင် ကလေးငယ် ၁၃ ဦး ရှိနေပြီး ဂေဟာသို့ လာရောက်အပ်နှံသည့် ကလေးငယ်များတွင် မွေးစာရင်း မူရင်း၊ ရပ်ကွက်နှင့်ရဲစခန်းထောက်ခံစာ ပါရှိရမည်ဖြစ်ကြောင်း ဂေဟာတာဝန်ရှိသူများက ပြောကြားသည်။

ယင်းအပြင် ဂေဟာသို့ အပိုင်ပေးသည့် စာချုပ်ချုပ်ဆိုပေးရန်နှင့် အသက် ၂ နှစ်မှ အသက် ၁၅ နှစ်အထိအရွယ်များကို လက်ခံကာ KG တန်းမှ ဆယ်တန်းအောင်အထိ ပညာသင်ကြားပေးမည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

ထို့ပြင် ညောင်ပင်ရပ် ပြည်တော်သာလမ်းရှိ ဦးကြင်အေးဘိုးဘွားရိပ်သာ၌လည်း အဘိုးအဘွားဦးရေ ၅၀ ဝန်းကျင်ကို လက်ခံစောင့်ရှောက်ထားသည်။

အလှူရှင် ဦးကြင်အေးသည် ၁၉၈၂ ခုနှစ်တွင် ယင်းဘိုးဘွားရိပ်သာကို တည်ဆောက်လှူဒါန်းခဲ့ပြီး ဟင်္သာတတက္ကသိုလ် တည်ဆောက်စဉ်က ဘဏ္ဍာရေးနှင့်ဆောက်လုပ်ရေးဥက္ကဋ္ဌ တာဝန်ယူနိုင်ခဲ့ခြင်းကြောင့်လည်း လူမှုထူးချွန် ပထမအဆင့်ကို နိုင်ငံတော်အစိုးရက ၁၉၈၄ ခုနှစ်တွင် ချီးမြှင့်ခဲ့သည်။

R-13