News

POST TYPE

NEWS

ဟောင်ကောင် ဆန္ဒပြပွဲများနှင့်ပတ်သက်၍ ပြည်တွင်းရေးကို ဝင်မစွက်ရန် ဗြိတိန်ကို တရုတ်ပြောကြား
04-Jul-2019

လန်ဒန် ဇူလိုင် ၄

ဟောင်ကောင်တွင် လက်ရှိဖြစ်ပေါ်နေသော ဆန္ဒပြပွဲများနှင့်ပတ်သက်၍ သံတမန်ရေးရာတင်းမာမှု ရှိလာခဲ့ပြီးနောက် ပြည်တွင်းရေးကိုဝင်မစွက်ရန် တရုတ်က ဗြိတိန်ကိုသတိပေးလိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

ဆန္ဒပြမှုများကို အားပေးသောလုပ်ရပ်များနှင့် နိုင်ငံခြာရေးဝန်ကြီး ဂျယ် ရမီဟန့်၏ မှတ်ချက်များက ဆက်ဆံရေးကို ထိခိုက်စေသည်ဟု ယူကေဆိုင်ရာ တရုတ်သံအမတ်က ပြောကြားသည်။

လွှတ်တော်ကို တရားမဝင် သိမ်းပိုက်ထားသူများကို ဥပဒေချိုးဖောက်သူများအဖြစ် ရှုတ်ချသင့်ကြောင်း သံအမတ်လူရှိုမင်က ပြောကြားသည်။

ထို့နောက်တွင် တရုတ်သံအမတ်ကို ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဆိုင်မွန်မက်ဒေါ်နယ်က ဆင့်ခေါ်ခဲ့ပြီး သံအမတ်၏မှတ်ချက်များသည် မမှန်ကန်ကြောင်းနှင့် လက်သင့်မခံနိုင်ကြောင်း ပြောကြားခဲ့သည်ဟုသိရှိရသည်။

ဝန်ကြီးချုပ် ထရီဇာမေကလည်း ဟောင်ကောင်အရေးကိုစိုးရိမ်ကြောင်း တရုတ်ခေါင်းဆောင်များအား ပြောခဲ့သည်ဟု အစောပိုင်းက ပြောကြားသည်။

ဟောင်ကောင်တွင် လက်ရှိဖြစ်ပေါ်နေသော တရားခံလွှဲပြောင်းမှုဆိုင်ရာဥပဒေကြမ်းဖျက်သိမ်းရေး ဆန္ဒပြပွဲများသည် တနင်္လာနေ့က ပိုမိုပြင်းထန်လာခဲ့ပြီး ဆန္ဒပြသူတစ်စုက လွှတ်တော်အဆောက်အအုံကို နာရီပေါင်းများစွာ ဝင်ရောက်သိမ်းပိုက်ကာ ကိုလိုနီခေတ် ဗြိတိသျှအလံကို လွှင့်ထူခဲ့ကြသည်။

အဆိုပါ တရားခံလွှဲပြောင်းမှုဥပဒေသည် ဟောင်ကောင်မှ နိုင်ငံရေးအတိုက်အခံများကို ပြည်မကြီးသို့လွှဲပြောင်းပေးရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ကန့်ကွက်သူများက ပြောကြားသည်။

ဆန္ဒပြသူများက ယင်းဥပဒေ ဖျက်သိမ်းရေးအပြင် ဖမ်းဆီးထားသောစည်းရုံး လှုံ့ဆော်သူများကို ပြန်လွှတ်ပေးရန်နှင့် ရဲအကြမ်းဖက်နှိမ်နင်းမှုများကို စုံစမ်းစစ်ဆေးရန် တောင်းဆိုထားကြသည်။

ဆန္ဒပြမှုများအရှိန်မြင့်နေစဉ် ကာလအတွင်း ယူကေနိုင်ငံခြားရေးဝန်ကြီးဂျယ် ရမီဟန့်က ဗြိတိသျှကိုလိုနီဟောင်း ဟောင်ကောင်ကျွန်းနှင့် ဟောင်ကောင်ပြည်သူများ၏ လွတ်လပ်ခွင့်ကိုမယိမ်းမယိုင် ထောက်ခံအားပေးသွားမည်ဟု ကတိပေးခဲ့သည်။

ဂျယ်ရမီဟန့်က ၎င်း၏ အင်တာဗျူးများနှင့် လူမှုမီဒီယာပို့စ်များများတွင် ဆန္ဒပြသူများအား အကြမ်းဖက်မှုကိုရှောင်ရှားကြရန်တိုက်တွန်းခဲ့ပြီး တရုတ်နိုင်ငံကိုလည်း ဟောင်ကောင်ပြည်သူများ၏ စိုးရိမ်မှုများကိုနားထောင်ရန် တိုက်တွန်းခဲ့သည်။

ဂျယ်ရမီဟန့်၏ ပြောဆိုမှုများနှင့်ပတ်သက်၍ ဘေဂျင်းက တရားဝင်ကန့်ကွက်စာ ပေးပို့ခဲ့ပြီး ယူကေနိုင်ငံခြားရေးဝန်ကြီးသည် ကိုလိုနီခေတ်နှင့် ထင်ယောင်ထင်မှား ဖြစ်နေသည်ဟု စွပ်စွဲခဲ့သည်။

F-04