News

POST TYPE

NEWS

မန္တလေးတွင် လူနှစ်ဦးကိုသေနတ်ဖြင့် ပစ်ခဲ့သည့် သေနတ်သမားကို သေဒဏ်ချ
27-Jun-2019

မန္တလေး၊ ဇွန် ၂၇

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်အတွင်း လမ်းပေါ်တွင်သွားနေသည့် ဆိုင်ကယ်စီးလင်မယားနှစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာတွင် အမျိုးသမီးသေဆုံးသွားသည့် အမှုမှ သေနတ်သမား ခွန်ကောလားကို လူသတ်မှုအတွက် သေဒဏ်ချမှတ်ခဲ့ပြီး လုယက်မှုအတွက် ထောင်ဒဏ် ၁၀ နှစ်တို့ကို သီးခြားစီကျခံစေရန် ခရိုင်တရားရုံးက ဇွန်လ ၂၇ ရက်နေ့က အမိန့်ချမှတ်ခဲ့သည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်နေ့က ချမ်းမြသာစည်မြို့နယ်၊ ၅၅ လမ်းနှင့် မနော်ဟရီလမ်းတောင်ဘက် ရွာလယ်လမ်းနှင့် နှင်းဆီလမ်းကြားလမ်းပေါ်တွင် ဆိုင်ကယ်စီးလာသူ လင်မယားနှစ်ဦးထံမှ ပိုက်ဆံအိတ်ကိုလုယူခဲ့ပြီးနောက် သေနတ်ဖြင့် ပစ်ခတ်ကာ ထွက်ပြေးခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်တွင် အမျိုးသမီးဖြစ်သူမှာ သေနတ်ကျည်ဆန်ထိမှန်မှုကြောင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး အမျိုးသားမှာ သေနတ်ဒဏ်ရာတစ်ချက်ရရှိခဲ့သဖြင့် မန္တလေးဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူခဲ့ရသည်။

M-04