News

POST TYPE

NEWS

တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်ရေးဆိုင်ရာ စက်မှုဇုန်ဖော်ဆောင်မည်
26-Jun-2019

ရန်ကုန်၊ ဇွန် ၂၆

လယ်ယာထွက်ကုန်ပစ္စည်းများကို အခြေခံ၍ တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်ရေးနှင့် လုပ်သားစွမ်းအားအခြေပြု စက်မှုလုပ်ငန်းဇုန်ကို အမေရိကန်ဒေါ်လာ သန်း ၁၅၀ ခန့် ရင်းနှီးမြှုပ်နှံ၍ အကောင်အထည်ဖော်မည်ဖြစ်ကြောင်း Dagon International Limited ကုမ္ပဏီဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားသည်။

ယင်းစီမံကိန်းကို ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြို့နယ် ခေတ်မီစက်မှုလယ်ယာ စံပြစိုက်ပျိုးရေး အထူးဇုန် ဇုန် ၁၊ အကွက် ၁ ရှိ Dagon International Limited ကပိုင်ဆိုင်သည့် မြေဧက ၅၀၀ ပေါ်တွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဂျပန်နိုင်ငံအခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်သည့် JFE Engineering Corporation နှင့် နည်းပညာပိုင်းနှင့် ရင်းနှီးမြှုပ်နှံမှုအပိုင်းများကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

“ဒီလိုလက်မှတ်ထိုးနိုင်ဖို့ နှစ်နဲ့ချီပြီး ညှိနှိုင်းဆွေးနွေးခဲ့ရပါတယ်။ ဒီစက်မှုဇုန်ကနေ ဝယ်နေကြရတဲ့ဈေးနှုန်းထက် အများကြီးလျှော့ပြီး ရောင်းနိုင်အောင် တွက်ချက်စီစဉ်ထားပြီးဖြစ်ပါတယ်”ဟု ဦးဝင်းအောင်က ပြောဆိုသည်။

ဇွန်လ ၂၅ ရက်နေ့က ရန်ကုန်မြို့၊ Novotel Hotel တွင် တန်ဖိုးမြှင့် စားသောက်ကုန် လယ်ယာထွက်ကုန်ပစ္စည်း ထုတ်လုပ်ရေးနှင့် လုပ်သားစွမ်းအား အခြေပြု စက်မှုလုပ်ငန်းဇုန် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြေခံဆက်စပ် ဘက်စုံပံ့ပိုးမှုလုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရန် Dagon International Limited နှင့် JFE Engineering Corporation တို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ် ရေးထိုးခဲ့သည်။

“ကျွန်တော်တို့ကုမ္ပဏီရဲ့တာဝန်က နည်းပညာကိုအသုံးချပြီး ကောင်းကျိုးပေးတဲ့ စက်မှုဇုန်တစ်ခုဖြစ်ပေါ်လာရေးပါ”ဟု JFE Engineering Corporation မှ MD Mr. Masakazu Yoshida  က ပြောကြားသည်။

ယင်းစီမံကိန်းကို Phase 1, Phase 2 နှင့် Phase 3 စသည့် အပိုင်းသုံးပိုင်းဖြင့် အမေရိကန်ဒေါ်လာသန်း ၁၅၀ ကို အပိုင်းလိုက် ရင်းနှီးမြှုပ်နှံဆောင်ရွက်သွားမည်ဖြစ်ပြီး စီမံကိန်းကာလမှာ လေးနှစ်ခန့်ကြာ မြင့်မည်ဖြစ်ကြောင်း Dagon International Limited ကုမ္ပဏီမှ CEO တစ်ဦးဖြစ်သူ ဦးသူရိန်အောင်က ပြောကြားသည်။

“စားသောက်ကုန်လို့ပြောပေမယ့် စက်မှုလုပ်ငန်းတွေလည်း ပါဝင်ပါမယ်။ အခုတော့ မြေပြင်တဲ့လုပ်ငန်းတွေ လုပ်နေပါပြီ။ စက်မှုဇုန်ကို အကောင်အထည်ဖော်တာတော့ ဒီပွင့်လင်းရာသီမှာ MIC ခွင့်ပြုချက်ကျပြီးတာနဲ့ လုပ်သွားမှာပါ”ဟု ၎င်းက ပြောဆိုသည်။

တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မည့် စက်မှုဇုန်အပြင် ပြပွဲခန်းမများ၊ Whole Sale Market များ၊ စက်မှုဇုန်မှ ထွက်ရှိလာသည့်ကုန်ပစ္စည်းများကို ရောင်းချမည့်ဆိုင်ခန်းများ၊ လူနေအိမ်တိုက်ခန်းများနှင့် ပန်းခြံလည်း ပါဝင်မည်ဖြစ်ကြောင်း Dagon International Limited ကုမ္ပဏီထံမှ သိရသည်။

ယင်းစီမံကိန်းသည် အသေးစားနှင့် အလတ်စား လုပ်ငန်းများအတွက် များစွာ အထောက်အကူပြုမည်ဖြစ်ပြီး အလုပ်အကိုင်အခွင့်များလည်း ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။

J-11