News

POST TYPE

NEWS

အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုများနှင့်ပတ်သက်၍ သုံးပွင့်ဆိုင်ဆွေးနွေးပွဲများ ထူးခြားမှုမရှိဟုဆို
26-Jun-2019
ရန်ကုန်၊ ဇွန် ၂၆
 
အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုများနှင့်ပတ်သက်၍ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း လက်တွေ့ အကောင်အထည်ဖော်ရာတွင် ထူးခြားမှုမရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (CTUM) မှ အမျိုးသမီးကော်မတီဥက္ကဋ္ဌ ဒေါ်ဆွေဆွေခိုင်က ပြောသည်။

“အလုပ်သမားတွေ ဖြစ်စေချင်တဲ့အချက်တွေ တင်ပြပေမယ့် ဖြေရှင်းပေးရင် အဲ့ဒီအချက်တွေကို ဂရုမစိုက်ဘူး။ အစိုးရရေးဆွဲထားတဲ့ ဥပဒေအတိုင်းပဲလုပ်တာ”ဟု ၎င်းကဆိုသည်။

အလုပ်သမား၊ အလုပ်ရှင်၊ အစိုးရ လက်တွေ့သုံးပွင့်ဆိုင် ဆွေးနွေးရာတွင်မူ အလုပ်သမားများဘက်က ဖြစ်စေချင်သော အချက်အလက်များ ပါဝင်လာခြင်းမရှိဘဲ အစိုးရရေးဆွဲထားသော ဥပဒေအတိုင်းသာ ဖြေရှင်းနေကြောင်း ဒေါ်ဆွေဆွေခိုင်က ပြောသည်။

ထိုသို့ သုံးပွင့်ဆိုင်ဆွေးနွေးမှုများနှင့်ပတ်သက်၍ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUSF) လက်ထောက်အထွေထွေ အတွင်းရေးမှူး ဦးမင်းသက်ထွေးကလည်း “သုံးပွင့်ဆိုင်ဆွေးနွေးမှုက အလုပ်သမားတွေအတွက် ပြောင်းလဲမှုမရှိဘူး”ဟု ဆိုသည်။

အငြင်းပွားမှုများတွင် အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမားတို့ သုံးပွင့်ဆိုင် ဆွေးနွေးမှုများရှိသော်လည်း ဆွေးနွေးပွဲမှာ ထူးခြားမှုမရှိဘဲ တရားရုံးတွင်သာ ဖြေရှင်းခိုင်းသဖြင့် အလုပ်သမားများမှာ အချိန်ကုန်နှင့် ငွေကြေးဆုံးရှုံးမှုများ ရှိနေကြောင်း ဦးမင်းသက်ထွေးက ဆက်လက်ပြောသည်။

အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုများတွင် အရပ်ဘက် တရားရုံးများ၌ တရားစွဲဆိုမှုများကြောင်း၊ အလုပ်သမားများမှာ အချိန်ကုန် ငွေကုန်ရခြင်းကို သက်သာစေရန်အတွက် အလုပ်သမား တရားရုံးများ တည်ထောင်ပေးရန် အလုပ်သမားသမဂ္ဂများက တောင်းဆိုထားကြောင်း သိရသည်။

အေးချမ်းသူ