News

POST TYPE

NEWS

ကိုယ့်လူကိုယ် ရွေးကောက်ပွဲကော်မရှင်အဖြစ်ခန့်ထားမှု SNLD ဝေဖန်
25-Jun-2019
ရန်ကုန်၊ ဇွန် ၂၅

ကိုယ့်လူကိုယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များအဖြစ် ခန့်ထားမှုမှာမဖြစ်သင့်ကြောင်း SNLD ပါတီ ဒုဥက္ကဋ္ဌ စိုင်းညွန်လွင်က ဝေဖန်လိုက်သည်။

ဇွန် ၂၄ ရက်က ပြုလုပ်ခဲ့သည့် SNLD ပါတီမှ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ဝေဖန်ခဲ့ခြင်းဖြစ်သည်။

“ကိုယ့်လူတွေနဲ့ကိုယ် ပြန်ပြီးတော့ ရွေးကောက်ပွဲကော်မရှင် လုပ်ကြတာပါပဲ၊ ရင့်ကျက်တဲ့နိုင်ငံရေးပါတီတွေ ဖြစ်လာပြီဆိုရင် ကျော်လွှားသင့်တယ်လို့ ထင်ပါတယ်။ သိက္ခာသမာဓိရှာပြီးတော့ ဘက်မလိုက်တဲ့ဥပဒေကို တိတိကျကျ လိုက်ဆောင်ရွက်တတ်တဲ့ပုဂ္ဂိုလ်တွေ အများကြီး ရှိပါတယ်။ အငြိမ်းစားတွေ လက်ရှိပညာရှင်တွေ အများကြီး ရှိပါတယ်။ သုံးမယ်ဆို လူပြောသူပြောကင်းတာပေါ့နော်၊ ကိုယ့်ပါတီနဲ့ပတ်သက်ပြီး ကိုယ်ခန့်ထားတယ်ဆို အခုလိုပြဿနာတွေ ပေါ်လာတဲ့အခါကျတော့ ပြောစရာဖြစ်တာပေါ့”ဟု ဦးစိုင်းညွန်လွင်ကပြောသည်။

ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မန္တလေးတိုင်း ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီးနေရာတွင် SNLD နှင့် NLD ပါတီတို့အကြား အငြင်းပွားမှုဖြစ်ပွားခဲ့ပြီး ရွေးကောက်ပွဲကော်မရှင်က NLD ကိုအနိုင်ပေးကြောင်း SNLD ကဆိုသည်။

ထို့ပြင် ရွေးကောက်ပွဲအငြင်းပွားမှုတိုင်းတွင် NLD ပါတီသာ အနိုင်ရလေ့ရှိပြီး အခြားသောပါတီများကို ရွေးကောက်ပွဲကော်မရှင်က အရှုံးပေးလေ့ရှိသဖြင့် ပါတီများအကြားဝေဖန်မှု မြင့်တက်လျက်ရှိသည်။

မန္တလေးကြားဖြတ်ရွေးကောက်ပွဲတွင် SNLD ပါတီ ကိုယ်စားလှယ်လောင်း နန်းထွေးမှုံက မဲအရေအတွက် ဒုတိယနေရာကိုရရှိခဲ့ပြီး ပထမနေရာ ရရှိခဲ့သည့် NLD ပါတီအနေဖြင့် ရွေးကောက်ပွဲ အသုံးစရိတ်စာရင်း တရားမဲ့ပြုကျင့်မှုပြုလုပ်ခဲ့သဖြင့် ရွေးကောက်ပွဲကော်မရှင်ခုံရုံးသို့ တိုင်ကြားခဲ့ရာ NLD ကိုသာ အနိုင်ပေးခဲ့သည်။

တိုင်ကြားထားသည့် အထဲတွင် NLD ပါတီမှ အနိုင်ရအမတ်အနေဖြင့် ရွေးကောက်ပွဲအသုံးစရိတ် သုံးစွဲရာတွင် ဝန်းရံသူများအတွက် ကုန်ကျစရိတ်ကို ငွေစာရင်းထဲ ထည့်ပေါင်းထားခြင်း မရှိကြောင်း၊ ငွေပြေဇာ၏ ၅၀ ရာခိုင်နှုန်းကျော်ကို အခွန်တံဆိပ်ခေါင်းကပ်ထားခြင်းမရှိကြောင်း SNLD ကတိုင်ကြားခဲ့သော်လည်း ရွေးကောက်ပွဲကော်မရှင်က NLD ကိုအနိုင်ပေးခဲ့ခြင်းဖြစ်သည်။

ရွေးကောက်ပွဲကော်မရှင် ခုံရုံး၏ဆုံးဖြတ်ချက်သည် (၂၀၂၀) ရွေးကောက်ပွဲကို အကျိုးသက်ရောက်ပြီး ငွေများသူသာ မဲနိုင်သွားမည်ကိုစိုးရိမ်သဖြင့် အယူခံတက်သွားမည်ဟု ဦးစိုင်းညွန့်လွင်ကဆိုသည်။

“မဲဆွယ်ဖို့ ရည်ရွယ်ချက်တစ်ခုထဲနဲ့ အတူတကွ သွားကြတဲ့လူတစ်စုရဲ့ ကုန်ကျစရိတ်ကို ထည့်သွင်းရမယ့်အစား ဝန်းရံသူတွေက ကိုယ့်စရိတ်နဲ့ကိုယ်သွားတယ်၊ ဝန်းရံသူတွေက ကိုယ့်စရိတ်နဲ့ကိုယ်သွားတဲ့အတွက် ကိုယ်စားလှယ်က ကုန်ကျစရိတ် မရှိတဲ့အတွက် သူ့ရဲ့ကုန်ကျစရိတ်စာရင်းမှာ ဒါကိုထည့်မတွက်ဘူးဆိုတဲ့ အယူအဆကို မှန်တယ်လို့ ခုံရုံးက လက်ခံခဲ့ပါတယ်။ ဒါဆိုရင် (၂၀၂၀) ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေဟာ ကိုယ့်ကုန်ကျစရိတ်ကို ထည့်ချင်မှထည့်တော့မယ် ဝန်းရံသူဆိုတော့ မထည့်တော့ဘူးပေါ့နော် ကုန်ကျစရိတ်တွေမှာ မမှန်မကန်ပြုလာမယ်ဆိုရင် ဘယ်လိုလုပ်ကြမလဲ အယူအဆတွေ ရှိလာပါတယ်၊ ငွေများရင် မဲနိုင်တယ်ဆိုတဲ့သဘောမျိုး ဖြစ်လာမှာကို ကျွန်တော်တို့ စိုးရိမ်ပါတယ်”လို့ ၎င်းကဆိုသည်။

ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SLND ပါတီက ကုန်ကျစရိတ် သိန်း (၈၀) ကုန်ကျခဲ့ပြီး အနိုင်ရကိုယ်စားလှယ် NLD ပါတီက (၅၅) သိန်းသာကုန်ကျခဲ့ကြောင်း ထုတ်ပြန်ချက်များအရသိရသည်။

ZM