News

POST TYPE

NEWS

စီးပွားရေးအဆင်မပြေ၍ အမျိုးသားတစ်ဦး ပိုးသတ်ဆေးသောက်သေဆုံး
25-Jun-2019
တောင်ငူ၊ ဇွန်၂၅

ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် တောပုကျေးရွာအုပ်စု ကြက်ရိုးပင်အရှေ့ကျေးရွာ နေအိမ်တစ်အိမ်တွင် ဇွန်လ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က စီးပွားရေး အဆင်မပြေသောကြောင့် အမျိုးသားတစ်ဦးသည် ပိုးသတ်ဆေးသောက်သေဆုံးခဲ့ကြောင်း အုတ်တွင်းမြို့မရဲစခန်းမှ သိရသည်။

သေဆုံးသူမှာ အသက် ၄၃ နှစ်အရွယ် ဦးမျိုးညွန့်ဆိုသူဖြစ်ပြီး အခင်းဖြစ်သည့်နေ့က ရွက်ဖြန်းပိုးသတ်ဆေးများသောက်ပြီး မူးဝေအော့အန်နေသဖြင့် တောင်ငူဆေးရုံကြီးသို့ ပို့ဆောင်ကုသခဲ့သော်လည်း သေဆုံးခဲ့သည်။

“သူ့သမီးကို စီးပွားရေးအဆင်မပြေလို့ စိတ်ညစ်ကြောင်းပြောခဲ့တယ်။ သူ့အမျိုးသမီးက ထိုင်းမှာရောက်နေတယ်။ အိမ်ထောင်ရေးကလည်း သိပ်ပြီးအဆင်မပြေဘူး”ဟု တောပုကျေးရွာ အုပ်ချုပ်ရေးမှူးရုံး အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ထိုအမှုကို အုတ်တွင်းမြို့မရဲစခန်းမှ သေမှုသေခင်း အမှတ် ၉/၂၀၁၉ ဖြင့် အမှုဖွင့်လှစ်ပြီးဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးဆောင်ရွက်နေသည်။

R-15


  • VIA