News

POST TYPE

NEWS

၂၀၂၀ ရွေးကောက်ပွဲအတွက် မဲစာရင်း သုံးလအတွင်း ကောက်ယူသွားမည်
24-Jun-2019

ရန်ကုန်၊ ဇွန် ၂၄

လာမည့် ၂၀၂၀ အထွေထွေရွေး ကောက်ပွဲ ကျင်းပပြုလုပ်ရန်အတွက် မဲဆန္ဒရှင်စာရင်းကို လာမည့်သုံးလအတွင်း ကောက်ယူသွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားသည်။ 

ဇွန်လ ၂၄ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲဆိုင်ရာ ကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများ ဆွေးနွေးပွဲ ပြုလုပ်ရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ယခု ဇွန်လကုန်ပိုင်းမှစတင်ကာ မဲစာရင်းပြုစုရန်အတွက် လိုအပ်သည့် လူဦးရေစာရင်းများကို စတင်ကောက်ယူသွားမည်ဖြစ်ကာ သုံးလအတွင်း ကောက်ယူရရှိခဲ့သည့် လူဦးရေစာရင်းကို မူတည်ကာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲစာရင်းပြုစုသွားမည်ဖြစ်ကြောင်း ဦးမြင့်နိုင်ကဆိုသည်။ 

သုံးလပြီးပါက နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသည့်အဖွဲ့များနှင့်တွေ့ဆုံကာ မဲစာရင်းကို အချောသတ် ပြန်ဖြည့်မည်ဖြစ်ပြီး ၂၀၂၀ ခုနှစ်အတွင်း ဆန္ဒမဲစာရင်းကို တစ်နိုင်ငံလုံး ကြေညာပေးသွားမည်ဖြစ်ကြောင်း ဦးမြင့်နိုင်ကရှင်းပြသည်။

“အရင်လိုပြည်သူတွေ လာကြည့်ဖို့က ကြေညာပေးမယ်ပေါ့။ ရွေးကောက်ပွဲ ကော်မရှင်ကတော့ မဲစာရင်းကိုပဲ ကြေညာပေးမှာပေါ့။ လူဦးရေကိုမူတည်ပြီး ပြုစုရတဲ့စာရင်းဖြစ်တဲ့အတွက် ဒီစာရင်းကိုကြည့်ပြီး ၂၀၂၀မှာ မဲပေးခွင့်ရှိလာသူ၊ အသက် ၁၈ နှစ်ပြည့်လာသူ ဘယ်လောက်ရှိမလဲဆိုတာ ပြောနိုင်မယ်ပေါ့။ ဥပဒေထဲမှာလည်း လူဦးရေစာရင်းကိုမူတည်ပြီး မဲစာရင်းပြုစုရမှာဖြစ်တဲ့အတွက် လူဦးရေစာရင်းအရင် ကောက်မယ်။ စိစစ်မှုတွေလုပ်ပြီးတော့ နောင်ရွေးကောက်ပွဲတွေအတွက် အသုံးပြုနိုင်အောင် ရည်ရွယ်ပြုစုမယ်ပေါ့”ဟု ၎င်းက ပြောကြားသည်။

ထို့ပြင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းကလည်း လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်း ပြုစုခြင်းလုပ်ငန်းကို မဲစာရင်းမှန်ကန်ရေး အလေးထားဆောင်ရွက်သွားမည်ဟု ပြောကြားထားသည်။

လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏သက်တမ်းအတွင်း ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ်တို့တွင် ကြားဖြတ်ရွေးကောက်ပွဲ နှစ်ကြိမ်ကျင်းပပြုလုပ်ထားသည်။

ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲများနှင့် စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲများတွင် ဆန္ဒမဲ လာရောက်ပေးသူ အရေအတွက် နည်းပါးခဲ့သည့်အပေါ် လေ့လာသုံးသပ်သူများက ကော်မရှင်ကို ဝေဖန်မှုအချို့ရှိနေသည်။

J-08