News

POST TYPE

NEWS

တရုတ်နိုင်ငံကG20 အစည်းအဝေးတွင် ဟောင်ကောင်အရေးကို ဆွေးနွေးခွင့်ပြုမည်မဟုတ်ဟု ကြေညာ
24-Jun-2019

ဘေဂျင်း၊ ဇွန် ၂၄

ယခုသီတင်းပတ်အတွင်း ကျင်းပတော့မည့် G20 ထိပ်သီးအစည်းအဝေးတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နှင့်တွေ့ဆုံစဉ် ဟောင်ကောင်၌ဖြစ်ပေါ်နေသော ဆန္ဒပြမှုများအကြောင်းပြောဆိုရန် စီစဉ်ထားသော်လည်း ဘေဂျင်းဘက်က ဆွေးနွေးခွင့်ပြုမည်မဟုတ်ဟု တရုတ်နိုင်ငံက တနင်္လာနေ့တွင် ပြောကြားလိုက်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

၁၉၉၇ ခုနှစ်က ဗြိတိန်ထံမှ တရုတ်ထံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဟောင်ကောင်ကျွန်းတွင် ယခုလပိုင်းမှာ သမိုင်းတစ်လျှောက် အကြီးမားဆုံး ဆန္ဒပြမှုများ ဖြစ်ပေါ်လျက်ရှိပြီး ပြည်မကြီးသို့ တရားခံလွှဲပြောင်းရေးဆိုင်ရာဥပဒေကြမ်းကို ဖျက်သိမ်းပေးရန် လူထုက ဆန္ဒပြတောင်းဆိုနေကြသည်။

ဟောင်ကောင်ကျွန်းမှ အရှိန်မြင့်လာသော နိုင်ငံရေး အုံကြွမှုများနှင့်ပတ်သက်၍ အမေရိကန်သမ္မတထရမ့်က စိုးရိမ်နေပြီး ၎င်းအနေနှင့် ဆန္ဒပြမှုများ၏အကြောင်းရင်းကို နားလည်ကြောင်းနှင့် ဆန္ဒပြသူများအား တရုတ်နိုင်ငံနှင့် အဆင်ပြေပြေ ညှိနှိုင်းနိုင်စေရန်မျှော်လင့်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

ဂျပန်နိုင်ငံ အိုဆာကာမြို့တွင် သောကြာနေ့မှ စနေနေ့အထိ ကျင်းပမည့် G20 ထိပ်သီးအစည်းအဝေးတွင် သမ္မတ ထရမ့်က ဟောင်ကောင်အရေးကိုသမ္မတ ရှီကျင့်ဖျင်နှင့် ဆွေးနွေးမည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ပြောကြားထားသည်။

သို့ရာတွင် တရုတ်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကျန်ဂျန်က G20 အစည်းအဝေးသည် ကမ္ဘာ့စီးပွားရေးကိစ္စများကို အဓိကထားသော ဆွေးနွေးပွဲဖြစ်ကြောင်း၊ သမ္မတရှီနှင့် သမ္မတထရမ့်တို့သည် အမေရိကန်-တရုတ် ကုန်သွယ်ရေး အငြင်းပွားမှုအရေးကို ဆွေးနွေးကြရန် သဘောတူထားကြောင်း ရှင်းလင်းပြောကြားသည်။

ကျန်ဂျန်က “ကျွန်တော် သေချာပေါက် ပြောနိုင်တာက G20 အစည်းအဝေးမှာ ဟောင်ကောင်အရေးကို ဆွေးနွေးမှာမဟုတ်ပါဘူး။ G20 အစည်းအဝေးမှာ ဟောင်ကောင်အရေးကို ဆွေးနွေးဖို့ ကျွန်တော်တို့ ခွင့်မပြုပါဘူး”ဟု သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ပြောကြားသည်။

“ဟောင်ကောင်အရေးဟာ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေး ဖြစ်ပါတယ်။ နိုင်ငံခြား တိုင်းပြည်တွေက ဝင်ရောက်စွက်ဖက်ပိုင်ခွင့် မရှိပါဘူး”ဟု ၎င်းကဆိုသည်။

ဟောင်ကောင်သည် တရုတ်နိုင်ငံ၏ အထူးအုပ်ချုပ်ခွင့်ရ ဒေသတစ်ခုသာဖြစ်သည်ဟု ကျန်ဂျန်က ထပ်မံပြောကြားသွားသည်။

F-04