News

POST TYPE

NEWS

ကိုးထပ်နှင့်အထက် အဆောက်အအုံ ၁၀ ခုခွင့်ပြု
24-Jun-2019

ရန်ကုန်၊ ဇွန် ၂၄

ရန်ကုန်မြို့တွင် ၉ ထပ်နှင့်အထက် အဆောက်အအုံ မူအားဖြင့်ခွင့်ပြုပေးမှုမှာ ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် လုပ်ငန်းပေါင်း ၁၀ ခုသာ ခွင့်ပြုပေးခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ) ထံမှ သိရသည်။

“အမြင့်ဆုံးအနေနဲ့ ၃၂ ထပ်အမြင့်အထိ ခွင့်ပြုပေးထားတယ်”ဟု အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

စည်ပင်သာယာရေး ကော်မတီက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနပိုင် မြေနေရာ ၂ ခု၊ စက်မှုဝန်ကြီးဌာနပိုင် မြေနေရာ ၁ ခု၊ ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြေနေရာ ၁ ခု၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနပိုင် မြေနေရာ ၁ ခုနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များမှ လုပ်ငန်း ၅ ခုတို့ကိုခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

အဆောက်အအုံများအနေနှင့် ဟိုတယ်၊ ရုံးခန်းနှင့် အဆင့်မြင့်လူနေအိမ်ရာများ ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

အမြင့်ဆုံးခွင့်ပြုပေးမှုတွင် သာကေတမြို့နယ် ရှုခင်းသာမြို့ပတ်လမ်းတွင်တည်ဆောက်မည့် အဆင့်မြင့်အိမ်ရာစီမံကိန်းကို ၃၂ ထပ်အထိခွင့်ပြုပေးခဲ့ပြီး အနိမ့်ဆုံးအဖြစ် ၁၂ ထပ်အဆောက်အအုံများပါဝင်ကြောင်း ယင်းကော်မတီထံမှ သိရသည်။
 
ပြည့်ဖြိုးမြင့်မွန်