News

POST TYPE

NEWS

အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ အမည်ခံ ရုံးခန်းများဖွင့်လှစ်နေခြင်းမှာ ကော်မရှင်နှင့်မသက်ဆိုင်ဟု သတင်းထုတ်ပြန်
20-Jun-2019

ရန်ကုန်၊ ဇွန် ၂၀

မြို့နယ်အချို့တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ အမည်ခံလျက် ရုံးခန်းများဖွင့်လှစ်ခြင်းနှင့် လှုပ်ရှားဆောင်ရွက်ခြင်းများ ပြုလုပ်နေသည်ကို တွေ့ရှိသဖြင့် ယင်းသို့ဆောင်ရွက်နေခြင်းမှာ ကော်မရှင်နှင့် သက်ဆိုင်ခြင်းမရှိသည့်အပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့်လည်း အကျုံးဝင်မှုမရှိကြောင်း ဇွန် ၂၀ ရက်နေ့က ကော်မရှင်မှ သတင်းထုတ်ပြန်ခဲ့သည်။

“ဘယ်မြို့နယ်တွေမှာ ရုံးခန်းတွေဖွင့်လှစ်ပြီး လှုပ်ရှားဆောင်ရွက်နေတယ်ဆိုတာ ပြောလို့မဖြစ်သေးဘူး။ သတင်း ထုတ်ပြန်ထားပြီးနောက်ပိုင်း ဆက်လှုပ်ရှားဆောင်ရွက်နေမယ်ဆို ဘယ်လိုအရေးယူ ဆောင်ရွက်မယ်ဆိုတာလဲ ပြောလို့မရသေးပါဘူး”ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးက ပြောကြားသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှာ နေပြည်တော်တွင် စတင်ဖွင့်လှစ်ခဲ့ပြီးနောက် ကော်မရှင်ရုံးခွဲ နှစ်ခုကို ရန်ကုန်နှင့် မန္တလေးတို့တွင် ထပ်မံတိုးချဲ့ဖွင့်လှစ်ခဲ့ပြီး ဥပဒေနှင့်အညီ လုပ်ငန်းတာဝန်များကို ထမ်းဆောင်လျက်ရှိကြောင်း ဦးကျော်စိုးက ရှင်းပြသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပါ တာဝန်နှင့်လုပ်ပိုင်ခွင့်များကို ကော်မရှင်ကိုသာ အပ်နှင်းထားသဖြင့် ကော်မရှင်ရုံးခွဲများ ဖွင့်လှစ်ခြင်းနှင့် ကော်မရှင်၏ လုပ်ငန်းများဆောင်ရွက်ခြင်းတို့ကို ယင်းဥပဒေပါ ပြဋ္ဌာန်းချက်အရ ကော်မရှင်ကသာ တရားဝင် ဆောင်ရွက်ခွင့်ရှိသော ကိစ္စရပ်များဖြစ်ပြီး ယခုအခါ မြို့နယ်အချို့တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ အမည်ခံလျက် ရုံးခန်းဖွင့်လှစ်ခြင်းနှင့် လှုပ်ရှားဆောင်ရွက်ခြင်းများ ပြုလုပ်နေသည်မှာ ကော်မရှင်နှင့် သက်ဆိုင်မှုမရှိသည့်အပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနှင့်လည်း အကျုံးဝင်မှုမရှိကြောင်း အသိပေးထုတ်ပြန်ထားသည်။

နိုင်ငံတော်ပိုင်ပစ္စည်းများ၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံသားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများကို ထိခိုက်မှု မရှိစေရေးအတွက် အကာအကွယ်ပေးရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေကို ၂၀၁၃ ခုနှစ်က သြဂုတ်လက ပြဋ္ဌာန်းခဲ့ပြီးနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ကို ယင်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဖွဲ့စည်းခဲ့သည်။

S-03