News

POST TYPE

NEWS

တားမြစ်ထားသည့် “ဝဆေး” ရောင်းချသူကို အရေးယူ
20-Jun-2019
ရန်ကုန်၊ ဇွန် ၂၀

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သောက်သုံးရန်မသင့်ဟု တားမြစ်ထားသည့် ထိုင်းနိုင်ငံထုတ် Add Plus အမည်ရှိ “ဝဆေး”ကို စတိုးဆိုင်နှင့် အွန်လိုင်းရှောပင်းတို့တွင် ရောင်းချနေသည့် အမျိုးသမီးအား ဇွန် ၁၉ ရက်နေ့က အမျိုးသားဆေးဝါးဥပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

မြောက်ဥက္ကလာပမြို့မ ရဲစခန်းတွင် အမှုဖွင့်အရေးယူထားသည့် ၂၅ နှစ်အရွယ် အမျိုးသမီးမှာ မြောက်ဥက္ကလာပ မြို့နယ်၊ (စ) ရပ်ကွက်တွင် အလှကုန်စတိုင်းဆိုင်ဖွင့်လှစ်ထားပြီး ထိုင်းနိုင်ငံထုတ် Add Plus အမည်ရှိ လူဝဆေးများကို ၎င်း၏ စတိုးဆိုင်နှင့် ဈေးမှန်အမည်ရှိ အွန်လိုင်းပေ့ချ်တို့မှတစ်ဆင့် လက်လီလက်ကား ရောင်းချနေကြောင်း သတင်းရရှိမှုကြောင့် ဇွန် ၁၈ ရက်နေ့က FDA နှင့် BSI မှ တာဝန်ရှိသူများက ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ စတိုးဆိုင်အတွင်းမှ တားမြစ်ထားသည့် Add Plus ဆေးဘူး ၁၉၃ ဘူးနှင့် ယင်းအမျိုးသမီးမှ အွန်လိုင်းရှောပင်းမှတစ်ဆင့် ဖြန့်ဖြူးရောင်းချထားသော ဆေးဘူး ၅ ဘူးကို တာမွေဈေးရှိ စတိုးဆိုင်တစ်ဆိုင်တွင် သိမ်းဆည်းရမိပြီး မန္တလေးမြို့ရှိ အမျိုးသမီးတစ်ဦးထံမှ ဆေးဘူး ၆ ဘူးကို ထပ်မံ သိမ်းဆည်းရမိခဲ့ကြောင်း အမှုဖွင့်တိုင်ကြားချက်အရ သိရသည်။

တန်ဖိုးငွေ ကျပ်သိန်း ၄၀ ခန့်ရှိ Add Plus ဆေးဘူးများကို သိမ်းဆည်းရမိပြီးနောက် ၂၅ နှစ်အရွယ် အမျိုးသမီးကို ဥပဒေအရ အရေးယူပေးပါရန် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန(BSI) မှ ဦးစီးအရာရှိ ထွန်းနိုင်က တရားလိုပြု တိုင်ကြားသဖြင့် မြောက်ဥက္ကလာပမြို့မ ရဲစခန်းမှ အမျိုးသားဆေးဝါး ဥပဒေ ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03


  • VIA