News

POST TYPE

NEWS

ဒေါ်နယ်ထရမ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် တရားဝင်မဲဆွယ်မှု စတင်
20-Jun-2019


ဖလော်ရီဒါ၊ ဇွန် ၁၉

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် နောက်တစ်ကြိမ် ရွေးကောက်ခံရန်အတွက် မဲဆွယ်မှုကို တရားဝင်စတင်လိုက်ပြီး ၎င်း၏အစိုးရကို နောက်ထပ် လေးနှစ် အားပေးကြရန် ထောက်ခံသူများကို တိုက်တွန်းလိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

ဖလော်ရီဒါရှိ ထောက်ခံသူ ထောင်ပေါင်းများစွာ ရှေ့မှောက်သို့ ရောက်ရှိလာသော ရီပတ်ဘလစ်ကန်သမ္မတက “ဖလော်ရီဒါက ကျုပ်ရဲ့ ဒုတိယအိမ်ပါ”ဟု ပြောဆိုခဲ့သည်။

သမ္မတထရမ့်က ဒီမိုကရက်များသည် တိုင်းပြည်ကို တစ်စစီဆွဲဖဲ့နေသူများ ဖြစ်သည်ဟုလည်း ဝေဖန်ထိုးနှက်ခဲ့သည်။ 

အစောပိုင်း သဘောထားစစ်တမ်းများတွင် ထရမ့်သည် ဒီမိုကရက်သမ္မတလောင်းအချို့၏ နောက်သို့ ရောက်ရှိနေသည်။

နောက်ထပ်ခြောက်နှစ်ခန့် သမ္မတကတော်လုပ်ရန်အတွက် စိတ်လှုပ်ရှားနေသည်ဟု ပြောဆိုထားသူ မယ်လာနီယာ ထရမ့်လည်း ဒေါ်နယ်ထရမ့်နှင့်အတူ လိုက်ပါလာခဲ့သည်။

ထရမ့်၏ လူထုစည်းဝေးပွဲတွင် ဒုတိယသမ္မတမိုက်ပင့်စ်နှင့် ပူပူနွေးနွေး အနားယူထားသူ ပြန်ကြားရေးတာဝန်ခံ ဆာရာဆန်ဒါ အပါအဝင် အိမ်ဖြူတော် အကြီးတန်းအရာရှိများလည်း စကားပြောဆိုခဲ့ကြသည်။ 

“ဒီညကတော့ ဒုတိယမြောက် သမ္မတသက်တမ်းအတွက် မဲဆွယ်မှုကို တရားဝင်စတင်လိုက်တာ ဖြစ်ပါတယ်။ ခင်ဗျားတို့ကို လုံးဝပစ်မထားဘူးလို့ ကျုပ်ကတိပေးတယ်။ အမေရိကကို နောက်တစ်ကြိမ် ကြီးကျယ်အောင် ကျုပ်တို့လုပ်ကြမယ်”ဟု ထရမ့်က အင်္ဂါနေ့ည အော်လန်ဒို လူထုစည်းဝေးပွဲတွင် ကြွေးကြော်ခဲ့သည်။

ထရမ့်၏ ထောက်ခံသူများက သမ္မတအား တွေ့မြင်ရန် တနင်္လာနေ့ နံနက်အစောပိုင်းကတည်းက အော်လန်ဒို အမ်းဝေး စင်တာ အပြင်ဘက်တွင် ရွက်ဖျင်တဲများထိုး၍ စောင့်ဆိုင်းနေခဲ့ကြသည်။

ထရမ့်ကို ကန့်ကွက်သူများကလည်း တန်ပြန်ဆန္ဒပြပွဲများကို အနီးအနားတွင် ကျင်းပခဲ့ကြသည်။

ထရမ့်၏ မိနစ်ရှစ်ဆယ်ကြာ မိန့်ခွန်းတွင် ၂၀၁၆ ရွေးကောက်ပွဲ မဲဆွယ်စဉ်က ခေါင်းစဉ်များကို ပြန်လည်ပြောဆိုသွားခဲ့သည်။

ထရမ့်က တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို ဆက်လက်ဖြိုခွဲသွားမည်ဟု ကတိပေးသည်။ “ကျုပ်တို့တိုင်းပြည်ဟာ ကျူးကျော်ခိုးဝင်သူ ရာဇဝတ်သားတွေအတွက် နေရာမဟုတ်ဘဲ ဥပဒေလိုက်နာသူ နိုင်ငံသားတွေအတွက် သုခဘုံဖြစ်ရမယ်လို့ ကျုပ်ယုံကြည်တယ်”ဟု ထရမ့်က ပြောကြားသည်။

ဒီမိုကရက်များသည် မဲရရေးအတွက် ခိုးဝင်နေထိုင်သူများကို တရားဝင်ဖြစ်စေရန် ကြိုးစားနေကြပြီး တိုင်းပြည်ကို ဖျက်ဆီးနေကြသည်ဟု ထရမ့်က စွပ်စွဲသည်။

“၂၀၂၀ မှာ ဒီမိုကရက်တွေကို မဲပေးရင် ဆိုရှယ်လစ်ဝါဒ အားကောင်းလာပြီး အမေရိကအိပ်မက်ကို ဖျက်ဆီးမှာပဲ”ဟု ထရမ့်က မှတ်ချက်ပေးသည်။

လူထုစည်းဝေးပွဲတွင် သမ္မတထရမ့်က ၎င်း၏လက်ထက် စီးပွားရေးကဏ္ဍ တိုးတက်မှုကို ချီးကျူးပြောဆိုခဲ့ပြီး ရုရှားစွက်ဖက်မှုကိစ္စတွင် မူလာကော်မရှင်၏ စုံစမ်းမှုကို ပြစ်တင်ဝေဖန်ခဲ့သည်။ 

မီဒီယာများကလည်း ရုရှားစွက်ဖက်မှုကိစ္စတွင် သတင်းအမှားများကို ဖော်ပြခဲ့ကြသည်ဟု ထရမ့်က ဝေဖန်ပြောကြားခဲ့သည်။

F-04


  • VIA