News

POST TYPE

NEWS

၂၀၁၈ တွင် ကမ္ဘာလုံးအတိုင်းအတာဖြင့် အိုးအိမ်ပစ်ကာရွှေ့ပြောင်းရသူပေါင်း သန်း ၇၀ ကျော်ထိ စံချိန်တင်မြင့်တက်ခဲ့ဟု ကုလသမဂ္ဂအစီရင်ခံစာ ဖော်ပြ
19-Jun-2019



ကုလသမဂ္ဂ၊ ဇွန် ၁၉ 

ကုန်ခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်း ကမ္ဘာပေါ်တွင် အိုးပစ်အိမ်ပစ်ထွက်ပြေးခဲ့ရသူ ဦးရေမှာ သန်း ၇၀ ကျော်အထိ ရှိခဲ့သည်ဟု ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာအေဂျင်စီ (UNHCR) က ထုတ်ပြန်လိုက်ပြီး ယင်းပမာဏသည် UNHCR ၏ နှစ်ပေါင်း ၇၀ တာ ဒုက္ခသည်များအရေး ဆောင်ရွက်ခဲ့သောကာလအတွင်း စံချိန်တင်လောက်သည့် ပမာဏဖြစ်သည်ဟု ဖော်ပြလိုက်သည်။ 

UNHCR က နှစ်စဉ်ထုတ်ပြန်နေကျ ဖြစ်သော Global Trends အစီရင်ခံစာတွင် ယမန်နှစ်က တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အိုးပစ်အိမ်ပစ်ရွှေ့ပြောင်းခဲ့သူ အရေအတွက်မှာ အဆမတန်မြင့်တက်လာပြီး ၇၀ ဒသမ ၈ သန်းကျော်ထိ ရှိလာကြောင်း ဖော်ပြထားသည်။ 

ယင်းပမာဏသည် လွန်ခဲ့သော နှစ်ပေါင်း ၂၀ တာကာလထက် နှစ်ဆခန့်အထိ မြင့်တက်လာခြင်းဖြစ်သည်။ ယခုနှစ် အစီရင်ခံစာတွင် ဖော်ပြထားသော တွက်ချက်မှုအရ နေ့စဉ် အိုးပစ်အိမ်ပစ်ရွှေ့ပြောင်း ထွက်ပြေးနေရသူ ဦးရေမှာ ၃၇,၀၀၀ ခန့် ရှိသည်။ 

“ကမ္ဘာပေါ်တွင် စစ်ပွဲ၊ စစ်မက်ပဋိပက္ခနှင့် ဖိနှိပ်မှုများမှ လွတ်မြောက်ရန် လိုအပ်နေသည့် လူဦးရေမှာ ရေရှည်သဘောဖြင့် မြင့်တက်လျက်ရှိနေသည်ကို ယခုအစီရင်ခံစာတွင် ပါရှိသောကိန်းဂဏန်းများက ညွှန်းပြလျက်ရှိပေသည်”ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးဖြစ်သူ ဖီလစ်ပိုဂရန်ဒီက ပြောကြားသည်။ 

“ဒုက္ခသည်များနှင့် ရွှေ့ပြောင်း အခြေချသူများ၏ ဘာသာစကား ကွဲပြားခြားနားသော်လည်း ၎င်းတို့ကို စေတနာ သဒ္ဒါတရားထက်သန်စွာဖြင့် ကူညီပေးကမ်းခြင်း၊ လက်ခံထားရှိခြင်းတို့ ပြုလုပ်သည့် လူ့အသိုင်းအဝိုင်းများကိုလည်း ကျွန်ုပ်တို့ မြင်တွေ့နေရပေသည်”ဟု ဖော်ပြသည်။ 

ကုလသမဂ္ဂ၏အဆိုအရ ၂၀၁၈ အတွင်း အမှန်တကယ် အိုးအိမ်ပစ်ကာ ရွှေ့ပြောင်း/ထွက်ပြေးခဲ့ရသူ ဦးရေမှာ တရားဝင်ထုတ်ပြန်သည့် ပမာဏထက် ပိုမိုများပြားဖွယ်ရှိနေသည်။ အကြောင်းမှာ ယင်းပမာဏတွင် ဗင်နီဇွဲလားနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော အကျပ်အတည်းကြောင့် အိုးအိမ်ပစ်ကာ ထွက်ပြေးခဲ့ရသူ အရေအတွက်မှာ အနည်းငယ်မျှသာ (တစ်စိတ်တစ်ပိုင်းသာ)ပါဝင်သောကြောင့်ဖြစ်သည်။ 

ဗင်နီဇွဲလားတွင် ၂၀၁၈ အတွင်းဖြစ်ပေါ်ခဲ့သော အကျပ်အတည်းကြောင့် ရွှေ့ပြောင်းထွက်ပြေးရသူ စုစုပေါင်း လေးသန်းကျော်ခန့်ရှိခဲ့သည်။

UNHCR ကထုတ်ပြန်သော အစီရင်ခံစာတွင်မူ ပင်မအုပ်စုကြီး သုံးစုပါဝင်သည်။ ပထမအုပ်စုတွင် ဒုက္ခသည် သို့မဟုတ် ပဋိပက္ခ၊ စစ်ပွဲ သို့မဟုတ် ဖိနှိပ်မှုကြောင့် မိမိနေထိုင်ရာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသူများ ပါဝင်ပြီး ၂၀၁၈ ခုနှစ်တွင် ၂၅ ဒသမ ၉ သန်းအထိ ရှိခဲ့သည်။

ဒုတိယအုပ်စုတွင် နိုင်ငံခိုလှုံခွင့် ရရှိရန် ကြိုးပမ်းနေသူများပါဝင်ပြီး ၃ ဒသမ ၅ သန်းခန့်ရှိသည်။ တတိယအုပ်စုထဲတွင် မိမိနိုင်ငံတွင်း (ပြည်တွင်း) ၌ ပြောင်းရွှေ့ အခြေချသူများပါဝင်ပြီး ၂၀၁၈ ခုနှစ်တွင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ၄၁ ဒသမ ၃ သန်းအထိ ရှိခဲ့သည်ဟု UNHCR က ဖော်ပြသည်။  

F-01