News

POST TYPE

NEWS

လက်ပံတောင်းတောင်ကြေးနီစီမံကိန်း မြေယာလျော်ကြေး ကာလပေါက်ဈေးအတိုင်း မပေးနိုင်ဟု ဝမ်ပေါင်ဆို
19-Jun-2019



မုံရွာ၊ ဇွန် ၁၉

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် မြေအသိမ်းခံရသည့် တောင်သူများကို ကာလပေါက်ဈေး မြေယာလျော်ကြေးအတိုင်း ပေးနိုင်မည်မဟုတ်ကြောင်း မြန်မာဝမ်ပေါင် တာဝန်ခံ မစ္စတာလောစုံက ပြောကြားလိုက်ကြောင်း ဒေသခံတောင်သူများက တူညီစွာ ပြောဆိုလိုက်သည်။

လက်ပံတောင်းတောင် ဒေသခံတောင်သူများနှင့် မြန်မာဝမ်ပေါင် တာဝန်ခံ မစ္စတာလောစုံတို့သည် ယနေ့ (ဇွန် ၁၉) နံနက်ပိုင်းက ဝမ်ပေါင်ရုံးတွင် တွေ့ဆုံညှိနှိုင်းစဉ် ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ကာလပေါက်ဈေးက တစ်ဧက သိန်း (၁၉၀) ပေါက်နေတယ်၊ ကျမတို့က အဲလိုရချင်ကြောင်း တောင်းဆိုထားပေမဲ့ သည်နေ့ ဝမ်ပေါင်အကြီးအကဲ လောစုံနဲ့တွေ့ဆုံရာမှာ မပေးနိုင်ကြောင်းပြောလိုက်တယ်” ဆည်တည်းရွာမှ ဒေါ်ရီဝင်းက ပြောကြားသည်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်း အကောင်အထည်ဖော်ရာတွင် မြေယာသိမ်းယူမှုများတွင် အစိုးရကပေးသည့် မြေယာလျော်ကြေးမထုတ်ယူဘဲ စီမံကိန်းအားဆန့်ကျင်သူများက ကာလပေါက်ဈေးအတိုင်း ရလိုကြောင်းတောင်းဆိုနေပြီး မြေယာလျော်ကြေး မထုတ်ယူသေးသည့် မြေဧက (၂၀၀၀) ဝန်းကျင်ရှိနေသေးကြောင်း ဒေသခံများက ပြောကြားသည်။

ဝမ်ပေါင် အကြီးအကဲများနှင့် တွေ့ဆုံမှုတွင် ဒေသခံတောင်သူကိုယ်စားလှယ်(၁၁) ဦးတို့ တွေ့ဆုံကြခြင်းဖြစ်ပြီး ဒေသခံတို့က မြေယာလျော်ကြေးနှင့် ပတ်သက်သည့် အချက် (၅)ခုအားတင်ပြတောင်းဆိုခဲ့ကြသည်။

R-08